ဒေးဒရဲမြို့လုံခြုံရေးအတွက် ကင်းစောင့်ဖို့ မြို့ခံတွေက လစဉ်ကြေးပေးနေရ

 

“ကင်းကြေးက သုံးထောင်၊စစ်မှုထမ်းကြေးက ခြောက်သောင်း”

“တလ တလ သူတို့ကို ပေးဖို့ငွေကို အသည်းအသန် ရှာနေရတယ်”လို့ ဒေးဒရဲမြို့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတဦးက DNA ကိုပြောပါတယ်။

၁၉၊ဧပြီ။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့မှာ မြို့ပေါ်ရပ်ကွက်နေထိုင်သူတွေအနေနဲ့ မြို့လုံခြုံရေးအတွက် ညပိုင်းကင်းစောင့်ဖို့ အုပ်ချုပ်ရေးမှူးတွေကို လစဉ်ကြေးပေးနေရတယ်လို့ သိရပါတယ်။

“ပထမဆုံး စပေးရတုန်းက ငါးထောင်။ ငါးထောင်ကို တိုင်လို့ဆိုပြီး နှစ်ထောင်ပြောင်းကောက်တယ်။အခု သုံးထောင်ဆိုပြီး တိုးကောက်တယ်”လို့ အမှတ် ၃ ရက်ကွက်မှာ နေထိုင် သူအမျိုးသမီးတဦးက DNA  ကို ပြောပါတယ်။

လက်လုပ် လက်စားတွေ အနေနဲ့ လစဉ်ကြေး မပေးနိုင်တဲ့ အခါမျိုးတွေမှာ အုပ်ချုပ်ရေးပိုင်းက စာပို့ပြီး ခေါ်ယူ ကျိန်းမောင်းတာတွေ ၊ အတင်းအကျပ် ဖိအားပေး တောင်းတာတွေ လုပ်လေ့ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ဒေးဒရဲမြို့ခံတွေ အနေနဲ့ တဖက်မှာလည်း စစ်မှုထမ်း ဥပဒေ စစ်မှုထမ်း သတ်မှတ်ချက်အရ အသက်မီသူ မိသားစုဝင် ပါဝင်နေတဲ့ တအိမ်မှာ တဦးပါလျှင် ၅၀,၀၀၀/ လေးဦးပါလျှင် ၂၀၀,၀၀၀/ စသဖြင့် လစဉ် ပေးနေရတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။

“ အရောင်းအဝယ်တွေကလည်း ကောင်းတာမဟုတ်ဘူး ၊ တလ တလ သူတို့ကို ပေးဖို့ငွေကို အသည်းအသန် ရှာနေရတယ်”လို့ ပြောပါတယ်။

ဒေးဒရဲမြို့ပေါ်မှာ ရပ်ကွက်အနေနဲ့ အမှတ် ၁၊ အမှတ် ၂ ၊အမှတ် ၃ ရပ်ကွပ်တွေ ရှိနေပြီး တိုးချဲ့ကွက်သစ်တွေ အဖြစ် ရုံးကြီး၊အောင်မင်္ဂလာ၊မြကန်သာ၊ အိုးဘို၊တော်တနီး ရပ်ကွက်တွေ ရှိနေပါတယ်။

“ကင်းဖိုး စကောက်တာက  ၂ နှစ်လောက်ရှိပြီ အခု ဒီနှစ် အစလောက်ထဲက စီမံချက် ဆိုပြီး ပိုက်ဆံ မပေးနိုင်တဲ့ အိမ်တွေက ကင်းစောင့်မယ်ဆိုတော့ မစောင့်ခိုင်းဘူး။ ညပိုင်းလဲ ကင်းတဲမှာ လူစောင့်တာလဲ မရှိပါဘူး ပိုက်ဆံ ကောက်နေတာပဲ ရှိပါတယ်”လို့ ပြောပါတယ်။