ပန်းတောကြီးရွာကို စစ်တပ်က လေယဉ်နဲ့ ဗုံးကျဲအပြီး အိမ်အချို့ မီးလောင်

“ပန်းတောကြီးကို လေယဉ်နှစ်စီးနဲ့ ခြောက်လုံးချသွားတယ်“ လို့ DNA ရဲ့ စစ်ရေးသတင်းရင်းမြစ်က အခြေအနေကို ပြောပါတယ်။

၁၈၊ဧပြီ။

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နဲ့ ၇ မိုင်သာ ဝေးတဲ့ ပန်းတောကြီးရွာကို ညနေ ၆ နာရီလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာပစ်အပြီး ၆ နာရီခွဲလောက်က စပြီး မီးလောင်နေပြီလို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“ရွာမှာ မပြေးပဲ ကျန်ခဲ့တဲ့သူတွေ ရှိတာကို လုပ်ရက်ကြတယ်”လို့ ပန်းတောကြီးရွာ အနီး ရေဖြူရွာက ဒေသခံ တဦးက ပြောပါတယ်။ ပန်းတောကြီးရွာ ဒေသခံ တော်တော်များများက ဘေးလွတ်ရာကို တိမ်းရှောင်ကြပေမယ့် တချို့လည်း အိမ်စောင့်ကျန်ခဲ့ကြတာမျိုး ရှိတယ်လို့ သူမက ပြောပါတယ်။အဲဒီလို ကျန်ခဲ့သူတွေနဲ့ အဆက်အသွယ် ရသူတွေ ရှိသလို တချို့လည်း အဆက်အသွယ် မရကြတော့ဘူးလို့ သူမက ဆက်ပြောပါတယ်။

“ အဆက်အသွယ်က ရတဲ့သူတွေ ရတယ် ၊တချို့လည်း AA ဘက်က ခေါ်ပြီး လုံခြုံတဲ့နေရာကို ပုန်းခိုင်းထားတယ်လို့ ကြားတယ်ရှင့်”လို့ ပြောပါတယ်။

မီးလောင်နေတဲ့ မြင်ကွင်းကို အနီးအနားရွာက ရိုက်ထားတဲ့ ရုပ်သံဖိုင်မှာတော့

“ဒါတောင် လေမတိုက်သေးပါဘူး။ လေတိုက်ရင်တော့ တရွာလုံး ကုန်ပါပြီ။ လောလောဆယ်တော့ ရွာလည်ကောင်ကြီးမှာ ဖြစ်နေတာပါ။မိုင်တဲတာဝါတိုင် ဘေးပတ်ပတ်လည် ၊ ဈေးထိပ် လမ်းဆုံမှာ ဖြစ်နေတာပါ။ အခုချိန်ထိကတော့ ပစ်တုန်းပဲ အပေါ်ကတော့ မပစ်တော့ဘူး။ အောက်က ပစ်နေပါတယ်”လို့ ပြောသံကြားရပါတယ်။

ပန်းတောကြီးကျေးရွာမှာ အပိုင်း ၁ ကနေ အပိုင်း ၆ အထိ ပိုင်းခြားထားပြီး လောလောဆယ် မီးလောင်နေတဲ့ နေရာဟာ အပိုင်း ၃ မှာလို့ သိရပါတယ်။ လက်ရှိ မီးလောင်နေတဲ့ မီးတောက်တွေကို ပန်းတောကြီးရွာ အနီးမှာ ရှိတဲ့ ဆီဆုံကုန်း၊အောင်ဘော်၊ပေါက်၊ရေဖြူ စတဲ့ရွာတွေကနေ လှမ်းမြင်နေကြရတာပါ။

DNA ရဲ့ စစ်ရေးသတင်းရင်းမြစ်ကလည်း “ ဖိုက်တာနဲ့ လာပစ်သွားတာ ၊ ဝက်ကုန်းဘက်ကိုလည်း ပစ်သွားတယ် ၊ ပန်းတောကြီးနဲ့ ဝက်ကုန်းက လမ်းအတိုင်းဆို ၅ မိုင်သာသာပဲ။ ဖြတ်လမ်းနဲ့ဆို ပိုနီးတယ်”လို့ ပြောပါတယ်။

ပန်းတောကြီးဒေသခံတွေဟာ စစ်ဘေးလွတ်ရာ လေးမျက်နှာ ၊ အိုင်သပြု ၊ ဟင်္သာတ ဘက်ကို တိမ်းရှောင်ကြသလို တချို့က ရွာအနီးဝန်းကျင်မှာပဲ အခြေအနေကို စောင့်ကြည့်နေကြသူတွေလည်း ရှိပါတယ်။

“ အခြေအနေကတော့ မကောင်းဘူးပေါ့ဗျာ။ညကျ ပုန်းကျင်းတွေထဲ ဆင်းနေရတာပေါ့။ ချောင်းစောင်းကပ်သူက ကပ်ပေါ့ဗျာ”လို့ ပြောပါတယ်။

နှစ်ဆန်းတရက်နေ့ ညနေပိုင်းမှာ ပန်းတောကြီးမှာ အထိုင်ချနေတဲ့ စစ်တပ်ကို အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းအပြီး အခုလို စစ်တပ်က လေယဉ်နဲ့ ဗုံးကျဲ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ ပန်းတောကြီးက ဆုတ်ပေးလိုက်ရတဲ့ စစ်တပ်ဟာ ဒေသခံ ပြည်သူ့စစ်တွေကို စုစည်းပြီး ဆီဆုံကုန်းရွာမှာ ခံစစ်ပြင်နေသလို လေးမျက်နှာဘက်ကလည်း အင်အားတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။