ဧပြီ ၁၀
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်အစပ်က ဝါးတောကွင်းရွာကို စစ်တပ်က ဧပြီ ၉ ရက်နေ့ညနေက လေယာဉ်နဲ့လာပစ်ခတ်သွားတယ်လို့ ဝါးတောကွင်းရွာသားတဦးက DNA ကိုပြောပါတယ်။
“၅ နာရီလောက်က စပြီးပစ်တာ၊တော်တော်ကြာတယ်၊အောက်ကလည်း ခံပစ်တယ်၊ ၅ နာရီ ၁၄ လောက်ပြန်ဆုတ်သွားတာ”လို့ ပြောပါတယ်။
တခြားရွာသားတဦးကလည်း “ဂျက်လေယာဉ်နဲ့ လာပစ်သွားတာ ဆူရောပဲ”လို့ အတည်ပြုဖြေကြား ပေးပါတယ်။ဒါပေမယ့် ဒီတကြိမ် လာရောက်ပစ်ခတ်မှုကလည်း ရွာမှာ ထိခိုက်မှု တစုံတရာ မရှိလောက်ဘူး”လို့ သူက မှတ်ချက်ပေးပါတယ်။
“ကျွန်တော်တို့ ဆီက မြင်ရတာတော့ ရွာပြင်မှာပဲ ဖြစ်မယ်”လို့ပြောပါတယ်။
ဝါးတောကွင်းရွာကို စစ်တပ်က ဧပြီလ ၈ ရက်နေ့ည ၁၂ နာရီကျော်က ၂ ကြိမ် နဲ့ ဧပြီလ ၉ ရက်နေ့ ညနေပိုင်းမှာ တကြိမ် ၊ နှစ်ရက်ဆိုက်တိုက် လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လေးမျက်နှာမြို့နယ်အဆုံး အင်္ဂပူမြို့နယ်နမိတ်စည်းနားမှာရှိတဲ့ ထောက်ကြံကွင်းရွာဟာ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း တတက(၅) ရှိရာ ကွင်းကောက်မြို့နဲ့ ၈ မိုင်ကျော်သာ ကွာဝေးတဲ့ နေရာဖြစ်ပြီး အာရက္ခတပ်တော်က အပြည့်အဝ ထိန်းချုပ်ထားပြီလို့ သိရပါတယ်။
“ရွာမှာက လူကြီးတွေပဲ နေကြတာ၊နေတဲ့သူတွေကိုလည်း အပြင်နဲ့ အဆက်အသွယ် မလုပ်ခိုင်းဘူး ၊ဖုန်းကဒ်တွေ သိမ်းထားတယ်”လို့ ဝါးတောကွင်းနဲ့ တမိုင်ကျော်သာ ဝေးတဲ့ ထောက်ကြံ့ကွင်း ရွာသားတဦးက ပြောပါတယ်။
ရွာသားတွေနဲ့ အာရက္ခတပ်တော် ဆက်ဆံရေးနဲ့ ပါတ်သက်ပြီး “ဒလန်ရှိရင် သတင်းပေးမှာ စိုးလို့ ဆိုပြီး ဖုန်းကဒ်တွေကို သိမ်းထားတာလို့ ပြောတယ်၊ ဆက်ဆံရေးကတော့ ဖေါ်ဖေါ်ရွှေရွှေပဲ ။ ထမင်းချက်ခိုင်းတယ် အခကြေးငွေပေးတယ်”လို့ ဝါးတောကွင်း ရွာသာက ရှင်းပြပါတယ်။