ကွင်းကောက်မြို့ ဂေါက်ကွင်းအနီး ပစ်ခတ်မှုဖြစ်

 

မတ်လ ၂၈

ဒီနေ့မနက်ပိုင်း ၉ နာရီကျော်မှာ ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့အနီး ဂေါက်ကွင်းမှာ သေနတ်သံတွေ ထွက် ပေါ်ခဲ့ပြီး မြို့ပေါ်မှာနေထိုင်သူတွေ အထိတ်တလန့် စတင်တိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။

“တချို့လည်း အကုန်ပိတ်ပြီးသွားကြပြီ။တချို့ကျတော့လည်း ဒီမှာ သိမ်းတုန်းစဲတုန်း ၊ ပစ္စည်းတွေကလည်း ကားက ငှားရတာ အဆင်မပြေ”လို့ ဒေသခံ တဦးက အလောတကြီး ပြောပါတယ်။

မတ်လ ၂၇ မနေ့က ညနေအထိ ကွင်းကောက်မြို့နဲ့ ၄ မိုင်အကွာ ပိန္နဲကွင်းရွာမှာ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့အပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကွင်းကောက်မြို့အစွန် ဂေါက်ကွင်းအထိ ပစ်ခတ်သံတွေက ထွက် ပေါ်လာတဲ့အတွက် မြို့ခံတွေအတွက် ထိတ်လန့်နေကြပါတယ်။

ဒါပေမယ့် ဒီနေ့မနက် ထွက်ပေါ်လာတဲ့ သေနတ်သံတွေဟာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ မဟုတ်ပဲ စစ်တပ်ဘက်က ဂေါက်ကွင်းမှာ အထိုင်ချပြီး နီးစပ်ရာ တောလမ်းတွေဘက်ကို ခြောက်လှန့် ပစ်ခတ်တာလို့လည်း ပြောပါတယ်။

“အခုပဲ သတင်းပို့လာတယ်။ တိုက်ပွဲပုံစံမျိုးမဟုတ်ပဲ ကွင်းကောက်ဂေါက်ကွင်းမှာ အင်အားသုံးဆယ်လောက်က တောလမ်းဘက်တွေကို ခြောက် လှန့် ပစ်နေတယ်လို့ ပြောတယ်”လို့ ပကဖ တာဝန်ရှိသူ တဦးက DNA ကို အတည်ပြုပါတယ်။

ကွင်းကောက်မြို့မှာ တပ်မတော်တန်းမြင့် လေ့ကျင်းရေးကျောင်း တတက(၅) ရှိနေပေမယ့် အင်အား အနည်းငယ်သာ ရှိတယ်လို့ ဟင်္သာတ ခလရ(၁၈)မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ CDM အရာရှိက ပြောပါတယ်။

“ကွင်းကောက်က လေ့ကျင့်ရေးတပ်ပဲ ၊ သူ့မှာ တိုက်ခိုက်ရေး ကျွမ်းကျင်သူ မရှိဘူး”လို့ ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းက တပ်တွေဟာ တပ်မတွေ မဟုတ်ပဲ ခြေလျှင်တပ် (မြို့စောင့်တပ်) တွေသာ ဖြစ်ပြီး အင်အား ၁၂၀ ဝန်းကျင်သာ ရှိတယ်လို့ သူက ပြောပါတယ်။

ကွင်းကောက်မှာ နေထိုင်တဲ့ တတက(၅) နဲ့ နီးစပ်သူတဦးက ကွင်းကောက်တပ်ထဲမှာ အင်အား တရာဝန်းကျင်သာ ရှိတယ်လို့ ဆိုပါတယ်။

“အခု မြို့နားမှာ တိုက်ပွဲဖြစ်နေကြတာ ဒီတပ်က မဟုတ်ဘူး ၊ ဟင်္သာတတပ်က လာတဲ့သူတွေ နဲ့ ဖြစ်တာ။ သူတို့တွေ တောင်ဘက်ကမ်း တောလမ်းဘက်က ဖြတ်ဝင်လာကြတာ”လို့ ပြောပါတယ်။ဒါ့အပြင် တတက(၅)ထဲက တပ်မိသားစုတွေကိုတော့ ပြီးခဲ့တဲ့ တလဝန်းကျင်ခန့် ကတည်းက တခြားနေရာ ရွှေ့ပြောင်းထားပြီး ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

လေးမျက်နှာ နဲ့ ကွင်းကောက်အကြား ပုသိမ်-မုံရွာ ကားလမ်းတလျှောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ စကစ အင်အားတချို့ဟာ ကွင်းကောက်ထဲကို မဝင်ပဲ မြို့ပြင်က ဂေါက်ကွင်းမှာ ခံစစ်ပြင်ထားတယ်လို့ ခန့်မှန်း ရပါတယ်။

ဒီနေ့မနက်ပိုင်း ပစ်ခတ်သံတွေကြောင့် ကွင်းကောက်မြို့ပေါ်မှာ ဈေးဆိုင်တော်တော်များများ ပိတ်ထားကြပြီး လူသွားလူလာလည်း ရှင်းလင်းနေတယ်လို့ သိရပါတယ်။

#ကွင်းကောက် #ဂေါက်ကွင်း #ဧရာဝတီ #ပစ်ခတ်မှု