မဲဆန္ဒရှင်စာရင်း ပထမအကြိမ်ထုတ်ပြန်မှု (၇)ရက် ထပ်တိုးမယ်လို့ သတင်းထွက်ပေါ်

၆ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမည့် ၂၀၂၀အထွေထွေ ရွေးကောက်ပွဲအတွက် ​ မဲဆန္ဒရှင်စာရင်းပထမအကြိမ် ထုတ်ပြန်မှုကို နောက်ထပ်(၇)ရက် ထပ်တိုးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါသည်။

“အခြေခံမဲဆန္ဒရှင်စာရင်းတွေကို နောက်ထပ် (၇)ရက်ထပ်တိုးတယ် ဆိုတာဟုတ်ပါတယ်၊ အခုထိတော့ တရားဝင်စာနဲ့တော့ ပြည်ထောင်စုအစိုးရက မထုတ်ပြန်သေးဘူး၊ ဌာနတွင်းဖုန်းနဲ့ပဲ အကြောင်းကြားထားသေးတယ်၊ မနက်ဖြန်လောက်မှ တရားဝင်ထုတ်ပြန်မယ်ထင်ပါတယ်၊ (၇)ရက်တိုးမယ်ဆိုတာသေချာပါတယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကလည်း မေးကြလို့ ဖုန်းသတင်းကတော့သေချာတယ်၊ အကြောင်းကြားစာတော့မရောက်သေဘူးလို့ ပြောထားပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက Delta News Agency ကို ဖြေကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင်လ ၂၅ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ (၁၄) ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာတွေမှာ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာခဲ့တာပါ။

လက်ရှိမှာ မဲစာရင်းမှာ ဖြည့်စွက်တာ၊ ပယ်ဖျက်တွေနဲ့၊ အမှားပြင်ဆင်တာတွေ ပြုလုပ်ပေးလျက်ရှိပြီး အောက်တိုဘာလမှာ နောက်ဆုံးအကြိမ်အဖြစ် (၁၄)ရက်ကြာ ထပ်မံ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။