ဖျာပုံတံတားပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

၆ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

မနေ့ညပိုင်းက ဖျာပုံတံတားပေါ်ကနေ (အမည်မသိ)အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပါတယ်။

သေဆုံးသူ အမျိုးသားဟာ အရက်များမူးနေပြီး တံတားသံဘောင်ပေါ်ကို ဖက်တက်ရာကနေ အောက်ကိုကျကာ ရေလည်တိုင်အုတ်ခုံပေါ်မှာ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေးဒရဲ မြို့နယ်၊ အုန်းပင်ကျေးရွာနေ ကိုထက်ထံဆီကနေ သိရတယ်လို့ ဖျာပုံမြို့မရဲစခန်းက ပြောပါတယ်။

ဖျာပုံတံတားရေလည်တိုင်ရဲ့ တိုင်ခြေအုတ်ခုံပေါ်မှာ သေဆုံးသူအမျိုးသားဟာ ဦးခေါင်းယာဘက်မှာ သွေးထွက်ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာဘက်ခြေထောက် ယာဘက်လက်တို့မှာ ဖူးရောင်ဒဏ်ရာတွေနဲ့ မှောက်လျက် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။

သေဆုံးရခြင်းအပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဖျာပုံပြည်သူ့ဆေးရုံကြီးဆီ ပိုဆောင်ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူဟာ ဦးနှောက်အတွင်း သွေးယိုစီးပြီး သေဆုံးခဲ့တယ်လို့ မှတ်ချက်ပြုကြောင်း ဆေးမှတ်တမ်းတွေက ဖော်ပြထားပါတယ်။