ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဆိုင်ကယ်အမောင်းကြမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“ကောင်လေးက နားထင်ပွင့်နေတာ သေနတ်ဒဏ်ရာလား တူလိုဟာမျိုးနဲ့ထုခွဲထားတာလားပဲ။ ကြည့်ပြီး ဒေါသ တွေထွက်တာ အရမ်းပဲ” လို့ ရဲတွေဖမ်းဆီးသွားပြီးနောက်သေဆုံးသွားတဲ့ လူငယ်အမျိုးသားရဲ့အခြေအနေကို မြင်တွေ့ခဲ့တဲ့ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ်အမျိုးသားဟာ မတ်လ ၂ရက် ည ၁၀ နာရီဝန်းကျင်လောက်က လမ်းမပေါ်မှာ ဆိုင်ကယ် မောင်းလာချိန်ရဲတွေက ရုတ်တရက်ဖမ်းဆီးခဲ့ပြီး နောက်တနေ့ မတ်လ ၃ ရက် မနက်ပိုင်းမှာတော့ အလောင်း လာထုတ်ဖို့ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ကာယကံရှင်မိသားစုကို ဆက်သွယ်လို့မရခဲ့ပေမယ့် နီးစပ်သူတွေကတော့ ဒီသတင်းဟာ မှန်ကန်တယ်လို့ အတည်ပြုပေးကြပါတယ်။
မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရတော့ ဒီလူငယ်လေးကို ဖမ်းဆီးသတ်ပစ်ခဲ့မှုမှာ တာဝန်ရှိတယ်လို့ ယူဆ ရတဲ့ သုံးပွင့်နဲ့ ရဲအရာရှိ ၄ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲစခန်းဘက်က ပြောထားတာရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒါဟာမဖြစ်နိုင်တဲ့ ကိစ္စဖြစ်တယ်လို့ လေးမျက်နှာရဲစခန်းအကြောင်းကို သိနေတဲ့သူတွေက ထောက်ပြဝေဖန်ကြပါတယ်။
“စခန်းမှာ သုံးပွင့်နဲ့ကောင်က နှစ်ကောင်တောင်အမြဲရှိတာမဟုတ်ဘူး အခုက လေးကောင်လေးဘာလေးနဲ့ မဖြစ်နိုင်တာတွေပေါ့” လို့ သေဆုံးသူရဲ့နာရေးကိုဝိုင်းကူပေးနေတဲ့ ဒေသခံတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ရေကြည်မြို့နယ်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသူ တဦးရဲ့ အမျိုးသားအပါအဝင် အမျိုးသား သုံးဦးကို ရဲတွေက ဖမ်းဆီးသတ်ပစ်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါသေးတယ်။
ဧရာဝတီတိုင်းထဲမှာ ရဲစခန်းကနေ ဖမ်းခေါ်သွားပြီး ပတ်ခတ်သတ်ပစ်တာတွေ၊ အကြောင်းရင်းမသိပဲ သေဆုံးသွားခဲ့တာတွေ၊ စုံစမ်းလို့မရဘဲ ပျောက်ဆုံးသွားတဲ့ဖြစ်စဉ်တွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဧရာဝတီတိုင်း လွှတ် တော်ကိုယ်စားပြု ကော်မတီမှာ ပါဝင်နေသူတဦးက သုံးသပ်သတိပေးပါတယ်။
“ဒါဟာပြည်သူကို ပိုပြီးရက်စက်လာပြီး မဆန့်ကျင်ရဲအောင် ပိုပိုရက်စက်ပြတာပဲ ဖြစ်တယ်။ ဒါဟာ ပေါ့နေလို့ မရတဲ့ကိစ္စလည်းဖြစ်တယ်ဆိုတာကို လူငယ်တွေနဲ့ ပြည်သူတွေကို သတိပေးချင်ပါတယ်” လို့ သူက ဆိုပါတယ်။