ကျပ်သိန်း(၁၅၀)ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေခိုးသူနှစ်ဦးကို ဖျာပုံမြို့မှာ ဖမ်းမိ

၁ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ သိန်းပေါင်း (၁၅၀)ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူသူနှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

ဇူလိုင်လ ၃၁ရက်နေ့မနက်ပိုင်းက ခိုးမှုမှတ်တမ်းဟောင်းရှိသူနှစ်ဦးကို စစ်ဆေးရာမှ သိန်းပေါင်း (၁၅၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း(၄၉)မျိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖျာပုံမြိုမရဲစခန်းက ပြောပါတယ်။

“သကံဂွကြီးရွာကို ရောက်ရှိနေတယ် သတင်းကြားလို့ ခေါ်စစ်ရင်းနဲ့ သူ့အိမ်မှာ ခိုးပြီး ရွှေတွေ သိမ်းထားကြောင်း ပြောတယ်။ ရွှေထည်ပစ္စည်းစုစုပေါင်း (၄၉) မျိုးဖော်ထုတ်ရမိပါတယ်၊ လွန်ခဲ့တဲ့ (၃)လက မအူပင်မှာ ခိုးတဲ့အမှုရယ် မော်လမြိုင်ကျွန်းမှာ ခိုးတဲ့အမှု (၂)မှုပဲ ဖွင့်ရသေးတယ် ကျန်ရွှေထည်ပစ္စည်းတွေကို မပေါ်သေးတဲ့ အမှုတွေနဲ့ တိုက်ဆိုင် စစ်ဆေးနေပါတယ်။ တချို့ကို အပေါင်ဆိုင်နဲ့ ရွှေဆိုင်တွေမှာ ရောင်းထားတယ် ခိုးတာတွေက များတော့ သူလဲ မမှတ်မိတော့ဘူး၊ ခိုးပြီးရတဲ့ ငွေကိုတော့ ဆိုင်ကယ် ၇ စီးဝယ်တယ်၊ ၃ စီးပဲ သိမ်းလို့ရတယ်။ စုစုပေါင်းကာလ တန်ဖိုးဆို ကျပ်သိန်း (၁၅၀)ကျော်မှာ ရှိပါတယ်။ ”လို့ ဖျာပုံမြို့မရဲစခန်းမှတာဝန်ရှိသူက ဖြေကြားခဲ့ပါတယ်။

ခိုးမှုပြစ်မှုမှတ်တမ်းဟောင်းရှိတဲ့ ရှိုင်းထက်အောင် (ခ) စိုးရာဇာ၊ (၂၄)နှစ်နဲ့ မျိုးကြီး(ခ) နိုင်မျိုးအောင်၊ (၃၉)နှစ် တို့ဟာ ၂၀၀၇ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြသူတွေ ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေက ဖော်ပြထားပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးကို ဖျာပုံမြို့မရဲစခန်းက ပ/၄၄၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဖျာပုံမြို့မရဲစခန်းမှ သိရပါသည်။