ရေကြည်မှာ မြို့နယ်ထွေအုပ်က မဲနှိုက်ရွေးချယ်တယ်ဆိုပြီး စစ်မှုထမ်းဖို့ နေအိမ်တွေအထိ ဖမ်းခေါ်လူစုဆောင်းနေ

Photo – Social Media ( ပုံစာ – စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်တနှစ်ကျော်အတွင်း စစ်ကောင်စီကသင်တန်းအပတ်စဉ်ဆယ်ခုအထိ ဖွင့်လှစ်ကာ အင်အားငါးသောင်းဝန်းကျင်စုဆောင်းခဲ့ပါတယ်။)

ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်မှုထမ်းအတွက် အသက်ပြည့်သူတွေကိုမြို့နယ်ထွေအုပ်က စာရင်းပြုစုပြီး မဲနှိုက်တယ်လို့ဆိုကာ လူငယ်တွေကို မဲပေါက်တယ်ဆိုပြီး နေအိမ်တွေအထိ လိုက်လံဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်နေတယ်လို့ ဒေသခံတချို့က DNAကိုပြောပါတယ်။

“အုပ်ကြီးနဲ့ ရပ်ရွာ စာရေးတွေကလည်း ထွေအုပ်က ခိုင်းတိုင်း တစ်သဝေမတိမ်းလိုက်နာတယ်လေ၊ ဒီပုံစံ အတိုင်း ဆို တသုတ်ပြီး တသုတ် လူငယ်တွေကို အကုန်ခေါ်မယ့်ပုံ၊ မိသားစုမှာ ဒုက္ခတွေရောက်လိုက်ရတာ”လို့ စစ်မှုထမ်းမဲ ပေါက်တယ်ဆိုပြီးအသိပေးခံရတဲ့နောက် အကိုဖြစ်သူတိမ်းရှောင်နေရတဲ့  ရေကြည်မြို့နယ် ဒေသခံအမျိုးသမီး တဦးကပြောပါတယ်။

အရင်က စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်ခံရသူတွေဟာ ဒေသအာဏာပိုင်တွေနဲ့နားလည်မှုယူပြီး လူစားထိုးတာ မျိုးတွေရှိခဲ့ပေမယ့် အခုလ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစလို့ လူစားထိုးတာကိုခွင့်မပြုတော့ဘဲ မဲပေါက်တယ်လို့ ကြေညာခံရသူတွေကိုလက်နက်ကိုင်အင်အားတွေနဲ့ နေအိမ်တွေအထိ လိုက်လံခေါ်ဆောင်နေတာလို့ဆိုပါတယ်။

 မြို့နယ်ထွေအုပ်က မြို့နယ်အတွင်းရှိ စစ်မှုထမ်းဖို့အသက်ပြည့်သူတွေကို စာရင်းပြုစုကာ စစ်မှုထမ်းဖို့အလှည့်ကျ သူတွေကို မဲနှိုက်ရွေးချယ်တာလို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ပြောပေမယ့် မဲနှိုက်တာရှိမရှိနဲ့ လာရောက်ခေါ်ယူခံရသူဟာ အမှန်တကယ် မဲပေါက်ထားသူ ဟုတ်မဟုတ်ဆိုတာလည်း ရှင်းရှင်းလင်းမသိရဘူးလို့ ရေကြည်ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းဖို့ မဲပေါက်ထားသူကို လာရောက်ခေါ်ဆောင်ချိန် နေအိမ်မှာရှိမနေရင်တော့ ဖမ်းဝရမ်းထုတ်ထားတဲ့ အ ကြောင်း မိသားစုဝင်တွေကိုအသိပေးတယ်လို့ သိရပါတယ်။

“ရွာတိုင်းမှာ ဖမ်းခံလိုက်ရသူနဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ လူနဲ့ အများကြီးပဲ” လို့ အထက်ပါ ရေကြည်ဒေသခံကဆက် ပြောပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ထိစပ် နေ တဲ့ မြို့နယ်တခုဖြစ်ပြီး ဂွမြို့သိမ်းတိုက်ပွဲအပြီး မြို့နယ်နှစ်ခုဆက်စပ်ရာဒေသတချို့မှာ စစ်ကောင်စီနဲ့ AA ပူးပေါင်း တပ်တွေ တိုက်ပွဲတွေလည်းဆက်ဖြစ်နေပါတယ်။

ရေကြည်မြို့နယ်အတွင်းမှာ အရင်က စစ်မှုမထမ်းလိုသူတွေဟာ လစဉ်ကြေးပေးဆောင်ပြီးတော့ လူစား ထိုးထည့် သွင်းတာမျိုး လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်မှုထမ်းနဲ့ပတ်သက်လို့ မြို့နယ်ထွေအုပ်ဌာနက တင်းတင်း ကြပ်ကြပ် ကိုင်တွယ်လာတာကြောင့် စစ်မှုထမ်းလိုတဲ့ လူငယ်အများအပြား နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေ ဆီ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“စိုက်ခင်းတွေမှာ လူငယ်အမျိုးသားတွေမရှိတော့ အမျိုးသမီးတွေဦးဆောင်လုပ်နေကြရတာ၊ရွာမှာ အမျိုးသားဆို ရင် အသက် ၄၀ ကျော်တွေပဲရှိတယ်” လို့ ရေကြည်မြို့နယ် ဒေသခံကပြောပါတယ်။

ဟင်္သာတမြို့နယ် ယုံသလင်းတိုက်နယ် ဒေသခံတဦးကတော့ သူတို့ဒေသတွင်းမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ် တာကို လက်မခံတဲ့ကျေးရွာ တွေရှိတာကြောင့် မြို့နယ်ထွေအုပ်က စစ်မှုထမ်းဖို့ဆင့်ခေါ်တာမလုပ်ဘဲ ဒေသခံ လူငယ်အမျိုးသားတွေ သွားလာရင်း ပေါ်တာဆွဲခံရကာ စစ်မှုထမ်းရတာမျိုးတွေရှိနေတယ်လို့ဆိုပါတယ်။

“ရွာက အုပ်ကြီးက စစ်မှုထမ်းဖို့စာရင်းလုပ်မပေးဘူး။ ဒါနဲ့ စစ်သားတွေက ဆိုင်ကယ်နဲ့ နေ့တိုင်းလာတယ်။ အခု ရွာထဲမှာသုံးယောက်ပေါ်တာဆွဲခံရတာ အဆက်အသွယ်မရဘူး” လို့ ယုံသလင်းတိုက်နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်တဲ့ အထက်ပါဒေသခံကပြောပါတယ်။

အဲ့ဒီလူငယ်သုံးဦးဟာ အခုလ ဖေဖော်ဝါရီ တတိယပတ်လောက်က ရွာလမ်းမပေါ်သွားလာနေချိန် ညနေခြောက်နာ ရီဝန်းကျင်အချိန်တွေမှာ ဖမ်းဆီးခံရပြီး စစ်မှုထမ်းထဲ ထည့်သွင်းခံရတာလို့ သူကဆက်ပြောပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့အကျုံးဝင်နိုင်တဲ့အသက်အရွယ်ရှိသူ လူငယ်ငါး သိန်းဝန်းကျင် ရှိနိုင်တယ်လို့ တွက်ချက်နိုင်ပါတယ်။

NUG အပါအဝင် စစ်မှုထမ်းစုဆောင်းမှုအရေး စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ တော့ ဧရာဝတီတိုင်းဟာ စစ်မှုထမ်းစုဆောင်းခံရမှုတတိယအများဆုံးအဖြစ်ရပ်တည်နေတဲ့ ဒေသလို့ ဆိုကြပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကနေ စစ်မှုထမ်းအတွက် ဧရာဝတီတိုင်းမှာ အဓမ္မဖမ်းဆီးခဲ့သူ ၃ ထောင်ကျော်ရှိ တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တိုင်ကြားသူတွေဆီကရတဲ့ အချက်အလက်သာဖြစ်တာကြောင့် မြေပြင်မှာ ဒီထက်များနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူတွေအနေနဲ့ PDF တပ်ရင်း ၊ပကဖ အဖွဲ့တွေကို ကြိုတင်ချိတ်ဆက်ထားကြဖို့၊စစ်သင်တန်းကာလမှာဖြစ်စေ သင်တန်းပြီးဆုံးချိန်မှာဖြစ်စေ တော်လှန် ရေးတပ်ဖွဲ့တွေဆီအမြန်ဆုံးဆက်သွယ်ဘက်ပြောင်းကြဖို့ ဒီကနေ့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

အဲ့ဒီလိုဘက်ပြောင်းလာတဲ့ လူငယ်၊လူရွယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးမယ့်အပြင် လက်နက်၊ခဲယမ်းတွေပါလာရင်လည်း ဆုကြေးငွေပေးအပ်မယ်လို့ ဆိုထားပါတယ်။

မှတ်တမ်းတွေအရ အခုနှစ် ဇန်နဝါရီတလအတွင်း ဘက်ပြောင်းလာတဲ့ စစ် ကောင်စီလက်အောက်ခံ စစ်သား၊ရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀နီးပါးထဲမှာ စစ်မှုထမ်းစုဆောင်းခံထားရသူ ၅၂ဦး ပါဝင်တယ်လို့လည်း NUG ကာကွယ် ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။