လယ်ရှင်လည်းခက်၊ လုပ်သားလည်းငတ် ကိန်းဆိုက်လာတဲ့ တောင်သူတွေ

ဖေဖော်ဝါရီ ၊ ၁၈

၂၀၂၁ အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဖြစ်နေသလို စစ်မှုထမ်းဥပဒေ ရန်ကလည်း မသေးတဲ့ မြန် မာနိုင်ငံတလွှား တောင်ယာလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်၊လူရွယ် လုပ်သားတွေရှားပါး လာမှုဟာ ပြဿနာကြီးတခုဖြစ်လာနေပါတယ်။

အဲ့ဒီရဲ့အကျိုးဆက်တခုကတော့ တောင်ယာလုပ်ငန်းခွင်တွေအတွက် လုပ်အားခ မြင့်တက်လာတာဖြစ်ပြီး မကြာသေးခင် လပိုင်းကမှ စစ်ပွဲတွေ စရှိလာတဲ့ ဧရာဝတီက လယ်ယာပိုင်ဆိုင်သူတွေဟာလည်း ဒီအခြေအ နေကိုကြုံနေကြရတာပါ။

လယ်ယာမြေပိုင်ဆိုင်တဲ့တောင်သူတွေက အဲ့ဒီအခြေအနေကို ညည်ူးညူနေကြရတယ်ဆိုရင် လုပ်အားခ ပိုရ လာတယ်ဆိုတဲ့ လုပ်သားတွေကရော ပိုပြီးအဆင်ပြေလာကြတယ်လို့ ထင်မြင်ယူဆပါသလား။

“ အခုကတော့ဗျာ မနက် ၃ နာရီကနေ ည ၁၀ နာရီထိ အလုပ်လုပ်နေရတာပေါ့ ”

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံပျော်ရွာမှာနေထိုင်တဲ့ ကြုံရာကျပန်းလုပ်ကိုင်သူကိုဖိုးခွေးဆိုသူက “ တဂျစ်ဂျစ် ” မြည်နေတဲ့ ဖုန်းလိုင်းတွေ ကြားက အင်တာဗျူး ဖြေကြားပေးနေတာပါ။

ဧရာဝတီတိုင်းမှာ ၂၀၂၃ ခုနှစ် ပဲသိမ်းချိန်ကတည်းက လုပ်သားအင်အားတွေရှားပါးလာတာကြောင့် ရှိတဲ့ လုပ်သားအင်အားကိုပဲ အချိန်များများ အသုံးပြုနေရတာဖြစ်ပြီး နံနက် ၃ နာရီကနေ နံနက် ၆ နာရီထိ၊ နံနက် ၆ နာရီကနေ နံနက် ၁၀ နာရီထိ၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီထိ၊ ညနေ ၅ နာရီကနေ ည ၁၀ နာရီထိ ဆိုပြီး အချိန်တွေခွဲပြီး အသုံးပြုနေကြရတာပါ။

နံနက် ၃ နာရီကနေ ည ၁၀ နာရီထိ ပဲနုတ်လိုက်သူ တဦးဟာ တရက်လုပ်ခ ငွေကျပ် ၂ သောင်းဝန်းကျင် ရရှိတယ်လို့ ဟင်္သတမြို့နယ် တောင်သူလယ်သမား အသင်း ဥက္ကဌ ဖြစ်သူ ကိုမျိုးချစ်က ပြောပြပါတယ်။

တကယ်တော့ ဧရာဝတီတိုင်းမှာ အစိုက်များကြတဲ့ စပါးနဲ့ ပဲ မှာ စပါးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ အကုန်လုံးကို စက်နဲ့ပဲ လုပ်ကိုင်ကြတာမို့ အခုလိုမျိုး ပဲနုတ်ရာသီဟာ ဘောက်လုပ်ကိုင်ကြသူတွေအတွက် ငွေရှာရတဲ့ အချိန်ပါ။

ဒီလိုပဲနုတ်ရာသီတွေမှာ အခြားသော အလုပ်တွေကိုပါ ရပ်ထားပြီး ပဲနုတ်လိုက်ကြတဲ့အထိ အလုပ်သမားတွေ ဘက်က အလုပ်လိုချင်ကြပေမယ့် လက်ရှိလုပ်သားအင်အားဟာ ဒေသတွင်းက စိုက်ပျိုးရေးလုပ်ငန်းခွင် အားလုံ းအတွက် လုံလောက်မျှတတဲ့ အခြေအနေမှာတော့ ရှိမနေပါဘူး။

၂၀၂၄ – ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာ ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးမြေ ဧက ၃၇ သိန်းကျော်မှာ ဧက သိန်း ၂၀ ပဲစိုက်ပျိုးနိုင်ခဲ့သလို မိုးစပါးသိမ်းပြီး ပဲစိုက်ပျိုးချိန်မှာတော့ ပုံမှန် ဧက ၁၀ သိန်းကျော် စိုက်ပျိုးတဲ့ စိုက်ပျိုးမြေ ဟာ ပိုလျော့သွားဖို့ပဲ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဆည်/မြောင်း CDM တဦးက ခန့်မှန်း သုံးသပ်ပါတယ်။

စိုက်ပျိုးမြေတွေ ပုံမှန်ထက်လျော့ကျနေတာတောင်မှ လုပ်သားအင်အား လိုအပ်ချက်ရှိ နေသေးတာကိုကြည့်ရင် အလုပ်လုပ်နိုင်တဲ့အရွယ်တွေ ဘယ်လောက်ထိ ယုတ်လျော့သွားလဲ ဆိုတာကို မြင်သာတဲ့ အခြေအနေလို့  ကိုမျိုးချစ်က တွက်ချက်နှိုင်းယှဉ်ပြပါတယ်။

ဘာကြောင့် ဒီလောက်ထိ လုပ်သားအင်အားတွေ လျော့ကျ ရှားပါးသွားရတာပါလဲ။ ဒါနဲ့ ပတ်သက်လို့တော့ ကိုဖိုးခွေးက အခုလိုပြောပြပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် လူငယ်တွေ ထောင်နဲ့ချီ ဖမ်းဆီးထောင်ချခံခဲ့ရသလို လက်နက်ကိုင် တော် လှန်ရေးအပါအဝင် နိုင်ရာနေရာက တော်လှန်ကြမယ်ဆိုပြီး နယ်မြေထဲကနေ ထွက်ခွာသွားကြ သူတွေကလည်း အများကြီးပါပဲ။

ကိုဗစ်ကာလမှာ ပြည်ပနိုင်ငံတွေကနေ အလည်ပြန်ရောက်လာကြပြီး Lock Down နဲ့ပိတ်မိခဲ့ကြသူတွေဟာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အလုပ်လုပ်ဖို့ ပြန်လည်ထွက်ခွာတဲ့အခါ သက်ဆိုင်ရာ၊ နီးစပ်ရာအလိုက် လူငယ်တွေကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

ဒီလိုနဲ့ စစ်မှုထမ်း ဥပဒေပြဌာန်းပြီးချိန်မှာတော့ စစ်ကောင်စီထံမှာ စစ်မှုထမ်းဖို့ ပါသွားသူတွေ၊ စစ်မှုထမ်းရမှာ စိုးရိမ်လို့  တိမ်းရှောင်ကြသူတွေကြောင့် နည်းသထက် ပိုနည်းလာခဲ့ပါတယ်။

“အခုဆို ကျွန်တော်တို့ဘက်တွေမှာ ကျန်နေတဲ့သူတွေက ဘယ်မှသွားလို့မရတဲ့သူတွေနဲ့ အရက်ဂျိုးဖြစ်နေလို့ အလုပ် မလုပ်နိုင်တော့တဲ့သူမျိုးတွေပဲရှိတော့တယ် ”

ရေကြည်မြို့နယ်၊ အသုတ်မြို့ကနေ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ ကိုကျော်ကြီးရဲ့ စကားကိုကြည့်ရင် တောင်ယာလုပ်ငန်းခွင်တွေအတွက် လုပ်သားရှားပါးလာမှုအခြေအနေကို ထင်သာမြင် သာရှိနိုင်ပါလိမ့်မယ်။

ဒီလိုအခြေအနေတွေကြောင့် လုပ်သားရှားပါးလာပြီး အလုပ်ချိန်တွေ တိုးလာခဲ့ပေမယ့် အဲ့ဒီရဲ့ အကျိုးဆက်ကြောင့်ပဲ တနေ့ဝင်ငွေ ကျပ် ၁ သောင်းဝန်းကျင် တိုးလာတာကြောင့် လက်ရှိကုန်ဈေးနှုန်းအခြေအနေတွေကို ခံသာရတယ်လို့ ကိုဖိုးခွေးက ဆိုပါတယ်။

“ လုပ်သားရှားသွားတာကိုပဲ ကျွန်တော်တို့မှာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီထက်ပိုငတ်ဖို့ပဲ ရှိတယ် ” သူက လို့ ပြောပါတယ်။

အမျိုးသားဖြစ်သူက စစ်မှုထမ်းထဲ ပါသွားခဲ့တဲ့ ကျုံပျော်ခရိုင်ထဲက Non – CDM မူလတန်းပြ ဆရာမဖြစ်သူ တဦးကတော့ ကျောင်းဆရာမလစာနဲ့ ရပ်တည်ဖို့ အဆင်မပြေတော့တဲ့အခါ ဒီပဲနုတ်ရာသီမှာ မနက်အစောပိုင်း တွေ ပဲနုတ်လိုက်ရတယ်လို့ ဆိုပါတယ်။

တကိုယ်ရည်တကာယကျန်ခဲ့ပေမယ့် လူတယောက်ရဲ့ တနေ့တာ စားစရိတ်ဟာ ငွေကျပ် ၁ သောင်း အနည်းဆုံး ရှိပြီး ကျောင်းဆရာမလစာဟာ တရက်ကို ငွေကျပ် ၇ ထောင်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

“ တချို့မိသားစုတွေ ကလေးတွေနဲ့ ဘယ်လောက်လုပ်လုပ် ထမင်းမဝ နိုင်တာ မြင်နေရတာပဲ။ ကိုယ်က ဘာဟုတ်သေးလဲ ” လို့ အဲ့ဒီဆရာမက ပြောပါတယ်။

ကိုမျိုးချစ်ကလည်း ဒီအခြေအနေတွေဟာ အမှန်ဖြစ်ပြီး ဆန်ကြမ်း ၁ ပြည်ကို ၈ ထောင်ကျပ်၊ စားဆီ ၁၀ သားကို ၁၅၀၀ ကျပ်ရှိနေတဲ့ ဒီကာလကြီးမှာ တရက်ကို ၁၄ နာရီလောက် လုပ်မှရတဲ့ ငွေကျပ် ၂ သောင်းဝန်းကျင်ဟာ ဘယ်လိုများ စားသောက်ရပ်တည်နိုင်ပါ့မလဲလို့ တွက်ပြပါတယ်။

သူက “ သူတို့တွေ (လုပ်သား) ခက်ခဲနေကြတာကို မြင်နေရပေမယ့် စိုက်တဲ့သူတွေကလည်း မနည်းကျားကန်နေရတာပဲ များများစိုက်မိရင် များများရှုံးဖြစ်နေတာလေ။ အဓိက ကုန်ဈေးနှုန်းကြောင့်ပေါ့ ” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ DNA က ဆောင်းပါးတပုဒ် ထုတ်လုပ်ဖော်ပြခဲ့ပြီးသားဖြစ်ပါတယ်။

အဲ့ဒီဆောင်းပါးကို ဒီလင့် (https://www.facebook.com/photo/?fbid=1035289118644165&set=a.1636336080077417)မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

လက်ရှိဧရာဝတီတိုင်းဟာ အခြားနေရာတွေမှာလို ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးဆုံးရှုံးမှုတွေ မရှိသေးပေမယ့် အရာရာ ရှားပါးလာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုတွေဟာ တနိုင်ငံလုံးနဲ့ အတူတူလောက် ရှိနေတယ်လို့ အထက်ပါ NON-CDM မူလတန်းပြဆရာမက သူ့အမြင်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ချီးမြှောက်တဲ့စကားတွေနဲ့အတူ တနိုင်ငံလုံးက လက်ညှိုးထိုးခံနေရတဲ့ ဧရာဝတီတိုင်းဟာ ဘာကိုမှပြန်ချေပနိုင်တဲ့ အခြေအနေ မရှိတာကြောင့် ဧရာဝတီတိုင်းက လူတွေရဲ့ဘဝကို “ဂဏာန်းညှပ်နေတာတောင်မှ မအော်နိုင်တဲ့ ဘဝတွေ ဖြစ်နေတယ် ”လို့ ခိုင်းနှိုင်းပြပါတယ်။

ကိုဖိုးခွေးတို့ ဇနီးမောင်နှံကတော့ သန်းခေါင်ကျော် ၂ နာရီထပြီး ကလေးနှစ်ယောက်စားသောက်ဖို့ ချက်ပြုတ်ခဲ့ပြီးတဲ့နောက် နံနက် ၃ နာရီကနေ နံနက် ၁၀ နာရီထိ ပဲနုတ်လိုက်ပါတယ်။

ပြီးတဲ့အခါ မနက်စာ ထမင်းပြန်စားပြီး တရေးလောက် အိပ်ပြီးတဲ့အခါ အိမ်အတွက်လိုအပ်တဲ့ ရေငင်တာ(ရေခပ်တာ)၊ စိုက်ထားတဲ့ သီးပင်စားပင်တွေကို ရေလောင်းပေါင်းသင်တာတွေ လုပ်ပါတယ်တဲ့။

အဲ့ဒီနောက်မှာတော့ ပဲနုတ်ဖို့ ပုတ်ပြတ်ယူထားတဲ့ ပဲခင်းဆီကို သားနှစ်ယောက်အပါအဝင် မိသားစု လေးဦးစလုံး ပဲနုတ်ဆင်းကြတဲ့အချိန်ဟာ ကလေးတွေ ကျောင်းဆင်းတဲ့အချိန် ညနေ ၄ နာရီဝန်းကျင်ရှိပါပြီ။

အဲ့ဒီအချိန်ကနေ သတ်မှတ်ထားတဲ့ လယ်ကွက်ကို မပြီးမချင်း နုတ်ကြလေ့ရှိပါတယ်တဲ့။

ညမှောင်တဲ့အခါ မြွေအန္တရာယ် မရှိနိုင်ဘူးလားလို့ မေးတဲ့အခါ “ မြွေကိုက်မှာက မသေချာဘူးဗျ ထမင်းငတ်မှာက သေချာနေတာလေ ” လို့ ကိုဖိုးခွေးက ဆိုပါတယ်။

ဒီလိုမျိုး အလုပ်ရှိနေတဲ့ ပဲနုတ်ရာသီပြီးတဲ့အခါ စားဝတ်နေရေးအတွက် ဘယ်လိုရုန်းကန်ရဦးမလဲဆိုတာက တော့ သူတို့မှာ အဖြေမရှိသေးပါဘူး။