ပုသိမ်ထောင်တွင်းမှာ ဆေးဝါးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတဦး အစာအိမ်ရောဂါနဲ့သေဆုံး

Photo – Google

ဖေဖော်ဝါရီ၊ ၁၀

ဧရာဝတီတိုင်း ၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးဟာ အစာအိမ်ရောဂါ ဖြစ်ပွားချိန် ဆေးဝါးကုသခွင့်မရခဲ့တာကြောင့် ဇန်နဝါရီလ နောက်ဆုံးအပတ်ကထောင်တွင်းမှာပဲ ကွယ်လွန်သွား တယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က DNAကို ပြောပါ တယ်။

စစ်ကောင်စီက ပစ္စတို တလက်နဲ့အတူ ဖမ်းဆီးခဲ့တာကြောင့် ပစ္စတိုလို့နာမည်ပြောင်ပေးထားတဲ့ အသက် ၃၆ နှစ် အရွယ် ကိုအောင်မျိုးကျော်ဟာ ထောင်တွင်းဆေးခန်းကနေ ဆေးရုံကိုပြောင်းရွှေ့ကုသခွင့်မရခဲ့တာကြောင့်ကွယ် လွန်သွားခဲ့တာပါ။

အစာအိမ်ရောင်နေတဲ့ ကိုအောင်မျိုးကျော်ကို ထောင်တွင်းဆေးခန်းက ပါရာစီတမော့တမျိုးတည်းကို သာထုတ် ပေးခဲ့တယ်လို့ဆိုပါတယ်။

ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်မျိုးကျော်ကိုစစ်ကောင်စီကဖမ်းဆီးပြီးနောက် ပုဒ်မ ၁၉ (စ) ၊ ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၁၂၂ တို့နဲ့ တရားစွဲဆိုကာ ထောင်ဒဏ်နှစ် ၂၀ ကျော်ချမှတ်ထားတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြေပြင်အခြေအနေတွေနဲ့ တော်လှန်ရေးလှုပ်ရှားမှုဆိုင်ရာသတင်းတွေဖော်ပြပေးနေတဲ့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်ကလည်း ဇန်နဝါရီ နောက်ဆုံးပတ်က ပုသိမ်ထောင်တွင်းမှာ နိုင်ကျဉ်းတဦး ကျန်းမာ ရေးမကောင်းတာကြောင့် သေဆုံးသွားတယ်လို့ အသိပေးထားပါတယ်။

သေဆုံးသွားသူဟာ ပုသိမ်မြို့နယ် ရွာသစ်ကျေးရွာဇာတိဖြစ်ပြီး သာပေါင်းမြို့နယ်မှာ အိမ်ထောင်ကျနေသူ တဦး ဖြစ်တယ်လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်ကဆိုပါတယ်။သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ မိခင်ဟာလည်း သားဖြစ်သူသေဆုံးမှုကြောင့် ကျန်းမာရေးမကောင်းဖြစ်ပြီးဆေးကုသနေရတယ်လို့ ဆက်လက်ဖော်ပြထားပါ တယ်။

စစ်ကောင်စီရဲ့အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင် အာဏာပိုင်တွေရဲ့ပစ်မှတ်ထား ဖိနှိပ်မှုတွေကိုရင်ဆိုင်နေရသလို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေ ထိုင်၊စားသောက်မှုကိုလည်း မရနေဘူးလို့ နိုင်ငံရေးအကျဉ်းသား အသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။

ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင် တွေက ပါရာစီတမော့တမျိုးတည်းကို သာ ဆေးဝါးအဖြစ်ပေးလေ့ရှိပြီး ပုသိမ်ထောင်တွင်းမှာလည်းဘယ်လိုရော ဂါဖြစ်နေသူကိုဖြစ်စေ အဲ့ဒီဆေးတမျိုး တည်းသာထုတ်ပေးတယ်လို့ အဲ့ဒီထောင်ကနေ လွတ်မြောက်လာသူ တဦး ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလတုန်းကလည်း ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေဆီမှာ ဆက် သွယ်ရေးစက် ရှာဖွေတွေ့ရှိတယ်ဆိုပြီး ထောင်အာဏာပိုင်တွေ ဝိုင်းဝန်းရိုက်နှက်လို့ အဓိကရုဏ်းဖြစ်ကာ ပစ်ခတ် ဖြိုခွင်းရာက နိုင်ငံရေးအကျဉ်းသားတဦးသေဆုံးပြီး ကိုးဦး ပြင်းထန်ဒဏ်ရာတွေရခဲ့ပါသေးတယ်။

လက်ရှိဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာမှုတွေရှိလာတာကြောင့် စစ်ကောင်စီဟာ တိုင်းဒေသအတွင်းက အ ကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပိုမိုဖိနှိပ်မှုတွေလုပ်ဆောင်လာနိုင်တယ်လို့  ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဧရာဝတီတိုင်းမြောင်းမြအကျဉ်းထောင်ကနေ အခုနှစ် ဇန်နဝါရီ ၄ရက်က လွတ်မြောက်လာတဲ့ နိုင်ငံ ရေးအကျဉ်း သား ကိုကျော်ဇောလင်းကတော့ ထောင်အာဏာပိုင်တွေဟာ နာမကျန်းအကျဉ်းသားတွေကို ရက်လွန်ဆေးဝါး တွေ နဲ့ပါရာစီတမော ဆေးတွေလောက်သာထုတ်ပေးတယ်လို့DNAကိုပြောထားပါတယ်။

“ဆေးရုံဆေးခန်းသွားချင်ရင် အရိုက်ခံရတယ်”လို့ သူကပြောပါတယ်။

လက်ရှိ ပုသိမ်အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပါဆယ်ပို့တာက အစပြုလို့ ကန့်သတ် ပိတ်ပင်မှုတွေကို လုပ်ဆောင်နေသလို  သောက်သုံးရေးမပေးဘဲ ချိုးရေကိုပဲ သောက်သုံးစေတာမျိုးတွေလုပ်နေ တယ်လို့ PPNM က အသိပေးထားပါတယ်။

လတ်တလော ပုသိမ်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတဦး ကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက် မရလို့ သေဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းနေဆဲဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေအပေါ် လူ့အခွင့်အရေးနဲ့အကျဉ်းသားအခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုတွေကိုကန့်ကွက်ရှုတ်ချတယ်လို့ ဧရာဝတီ တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRAH ဥက္ကဌ ဦးကျော်ဆန်းက DNAကိုပြောပါတယ်။

“လူ့အခွင့်အရေးအရရော၊အကျဉ်းသားအခွင့်အရေးအရရော ဒီလိုနှိပ်စက်ချိုးဖောက်မှုတွေကမလုပ်သင့်ဘူး ၊ရပ် တန်းက ရပ်ဖို့တော့ ကျွန်တော်တို့ပြောချင်တယ်”လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့စာရင်းတွေအရ အခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ စစ်ကောင်စီရဲ့ ဒိုက်ဦး၊သာယာဝတီနဲ့ ပုသိမ်ထောင်တွေထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦးအထိရှိပြီလို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်းကတော့ နိုင်ငံတဝန်းကစစ်ကောင်စီအကျဉ်းထောင်တွေထဲ ဆေးဝါးကုသမှု အလုံအလောက်မရလို့ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ဦးရှိပြီး အဲ့ဒီအထဲမှာ အမျိုးသမီးသုံးဦးလည်း ပါဝင်ပါ တယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရတော့ လက်ရှိအာဏာ သိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်နဲ့ ပြည်သူစုစုပေါင်း ၆၂၀၀ကျော်သေဆုံးခဲ့ပြီး အဲ့ဒီအထဲက ၁၅၀၀ ကျော်ဟာ ဖမ်းဆီးခံထားရချိန်အတွင်း သေဆုံးခဲ့ကြတာပါ။