ဖေဖော်ဝါရီ၊ ၆
စစ်ရေးအခြေအနေကြောင့်ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့ပေါ်မှာ ပိတ်ထားတဲ့စာသင် ကျောင်းတွေကို စစ်ကောင်စီက ဖိအားပေးပြီးအတင်းအကျပ်ပြန်လည်ဖွင့်လှစ်နေတယ်လို့ ဒေသခံကျောင်းသားမိဘတချို့က ပြောပါတယ်။
ရွှေသောင်ယံမြို့ပေါ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ၂၀၂၅ ခုနှစ် အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
စစ်ရှောင် ကျောင်းသား ၊ ကျောင်းသူတွေကို စစ်ကောင်စီကခန့်ဆရာ ၊ ဆရာ မတွေကစာမေးပွဲလာရောက်ဖြေဆိုဖို့ ဖုန်း ဆက်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
“စစ်ရှောင်ကလေးတွေကို နီးစပ်ရာကျောင်းတွေမှာ ပေးမတက်ဘူးလေ။ ရွှေသောင်ယံမှာပဲ ပြန်တက်မှ အတန်း တင်ပေးမယ်ဆိုတဲ့ ဖိအားနဲ့ ကျောင်းတွေဖွင့်ပြီး ပြန်ခေါ်နေတာ”လို့ ဒေသခံကျောင်းသားမိဘတဦးကပြောပါ တယ်။
ရွှေသောင်ယံမှာရှိတဲ့ အခြေခံပညာကျောင်းတွေဟာ ဇန်နဝါရီလ ဒုတိယအပတ်လောက်ကတည်း စစ်ရေးအခြေ အနေကြောင့် တက်ရောက်သူမရှိတော့ဘဲ ပိတ်သွားခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ဒေသ တွင်းက ဆရာ ၊ ဆရာမတွေကို ပြန်လည်ခေါ်ဆောင်ပြီး စာသင်ကျောင်းတွေပြန်ဖွင့်လှစ်နေတာပါ။
“ကျောင်းက တိတ်ဆိတ်ပြီးတော့ တက်ရောက်သူနည်းနည်းလေး။ တချို့မိဘတွေကလည်း စာမေးပွဲက ရက်ပိုင်းပဲ လိုတော့တာဆိုတော့ စိုးရိမ်စိတ်နဲ့ လာပို့ထားကြတာထင်တယ်။ ကျောင်းလာမတက်တဲ့လူကတော့များတာပေါ့”လို့ ရွှေသောင်ယံမြို့ခံတဦးကပြောပါတယ်။
ဌာနဆိုင်ရာစာရင်းအရ အထက ရွှေသောင်ယံမှာဆိုရင် ကျောင်းသားဦးရေ ၄၀၀ ကျော်ရှိပြီး အထက သဘော့ ကန်မှာ ကျောင်းသားဦးရေ ၄၀၀ နီးပါးရှိပါတယ်။ ဒါ့အပြင် အုန်းချောင်း အထက မှာဆိုရင်လည်း ကျောင်းသားဦးရေ ဟာ ၄၅၀ နီးပါးရှိပါတယ်။
စစ်ရှောင်တွေက နေအိမ်စိတ်မချလို့ ပြန်လာတာတောင် ကလေးတွေကိုတော့ ပြန်မခေါ်လာကြတာများတယ်။ မကျီးဇင်ဘက်က ကျောင်းတွေဆို ပြန်တောင်မဖွင့်နိုင်သေးဘူးလို့ ပြောသံကြားတယ် လို့ ရွှေသောင်ယံဒေသခံက ပြောပါတယ်။
ရွှေသောင်ယံမြို့ခံတွေဟာ မကျီးဇင်နဲ့ဘောမိဘက်မှာ တိုက်ပွဲဖြစ်ပွားချိန် ဇန်နဝါရီလက မြို့ကိုစွန့်ခွာပြီး ပထမ တကြိမ်စစ် ရှောင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလထဲမှာလည်း လက်နက်ကြီးသံတွေပြန်လည်ကြားလာရတဲ့ အတွက် မြို့ခံတွေဟာ ဒုတိယအကြိမ်စစ်ဘေးရှောင်ဖို့ပြင်ဆင်နေကြတာပါ။
အာရက္ခတပ်တော်(AA)ကရခိုင်တပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် မဟာမိတ်တွေနဲ့အတူ ရခိုင်နဲ့ထိစပ် ဧရာဝတီဒေသတွေအထိစစ်ကောင်စီကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။