ဖေဖော်ဝါရီ၊ ၃
ဧရာဝတီတိုင်း ၊ ငသိုင်းချောင်းမြို့အပိုင် ကျုံတာကျေးရွာအုပ်စုက စီးပွားရေးအဆင်မပြေတဲ့ပြည်သူ တချို့ဟာ စစ်မှုထမ်းမပါရှိရေးအတွက် လက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ယာမြေကိုပေါင်နှံပြီး အုပ်ချုပ် ရေးမှူးကို လစဉ်ကြေးပေးသွင်းနေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
၂၀၂၄ ခုနှစ် မိုးရာသီက စိုက်ခင်းတွေရေနစ်မြုပ်ခဲ့တာကြောင့် ငသိုင်းချောင်းမြို့အပိုင်ထဲက တောင် သူတွေ စီးပွားရေးကြပ်တည်းခဲ့ရပါတယ်။
စီးပွားရေးအဆင်မပြေတော့ လယ်တွေ ၊ ကိုင်းတွေပေါင်ပြီး အုပ်ကြီးဆီကို ပိုက်ဆံပေးနေရတယ် လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကျေးရွာပေါင်းဆယ်ဂဏန်းဝန်းကျင်ရှိတဲ့ ကျုံတာကျေးရွာအုပ်စုက ပြည်သူတွေဟာ လစဉ်လတိုင်း အုတ်ချုပ်ရေးမှူးကို ကျပ် ၅ သောင်းဝန်းကျင် ပေးသွင်းနေရတာပါ။ စစ်မှုမထမ်းရဖို့အတွက် လူစားတစ်ဦးထည့်သွင်းတဲ့အခါမှာ ကျပ်သိန်းတရာကျော်အထိ ကုန်ကျတယ်လို့လည်း ကျုံတာကျေးရွာအုပ်စုမှာ နေထိုင်သူအချို့က ဆိုပါတယ်။
ထွန်းနိုင်(အုပ်ချုပ်ရေးမှူး)ကို အုပ်ကြီးတင်တဲ့သူက ကြံ့ဖွံ့ချစ်သွင်ပါ။ ချစ်သွင်ရဲ့ ညီကိုတော်က ကျုံပျော် ခလရ ၃၆ က ကျော်ဇေယျလို့ခေါ်တယ်။ သူတို့တွေပေါင်းပြီးတော့ ထောင်ထဲကလူတွေကို စစ်မှုထမ်းဖို့ငှားတယ်လို့ သတင်းကြားထားတယ် လို့ သူကဆက်လက်ပြောပါတယ်။
ငသိုင်းချောင်းမြို့နဲ့စပ်ဆက်နေတဲ့ ရေကြည်မြို့နယ် မယင်းကူးကျေးရွာအုပ်စုမှာတော့ ကျေးရွာအိမ် ခြေနည်းပါးတဲ့အတွက် စစ်မှုထမ်းဖို့အသက်ပြည်မီသူရှိတဲ့ နေအိမ်တွေဟာ အုပ်ချုပ်ရေးမှူး လှအုန်းထံ ကို လစဉ် ကျပ် ၁ သိန်းကနေ ၂ သိန်းအကြား ပေးဆောင်နေရပါတယ်။
စီးပွားရေးအဆင်မပြေတဲ့ကြားထဲကနေ လတိုင်းပိုက်ဆံပေးနေရတော့ ပြည်သူတွေလည်း စိတ်ညစ်လာ ကြပြီလို ဒေသခံတစ်ဦးကပြောပါတယ်။ ရေကြည် – ငသိုင်းချောင်းဒေသတွင်းမှာ လူငယ်တွေဟာ စစ် မှုမထမ်းဆောင်ရဖို့အတွက် ငွေကြေးပေးဖြေရှင်းနေတာဟာ အပတ်စဉ် ၁၀ အထိရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင်ရေကြည်မြို့နယ် သပြေအိုင်ကျေးရွာအုပ်စုက လူငယ်တစ်ဦးဟာ အပတ်စဉ် ၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ် ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါလူငယ်ဟာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ပြီး မျက်လုံးနှစ်လုံးကွယ်ခဲ့ကာ ခြေတဖက်ပျက်တောက်ခဲ့ကြောင့် စစ်တပ်က နေထိုင်ရာကျေးရွာဆီ ပြန်လည်ပို့ ဆောင်ပေးခဲ့ပါတယ်။
စစ်ကောင်စီက စစ်မူထမ်းသင်တန်းအပတ်စဥ်၉ဖွင့်ပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။