ဇန်နဝါရီ ၊ ၁
ရှေးတုန်းက မွန်သုံးရပ်ထဲက ဒေသတခုလို့ ရာဇဝင်မှတ်တမ်းတချို့ကဆိုတယ်။နောက် ကိုလိုနီခေတ်ရောက်တော့ ခရိုင်ကနေတိုင်းဖြစ်လာခဲ့။ရန်ကုန်၊ပဲခူးနဲ့ရခိုင်ဟာ သူ့နံဘေးက နီးနီးစပ်စပ်အိမ်နီးချင်းတွေ။
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေလည်းပါသပေါ့။မြန်မာပြည်ရဲ့ ဆန်အိုးကြီး။တနိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်တွေထဲ လူဦးရေအများဆုံးနေထိုင်ရာ ဒေသ။
“ရိုးသားကြိုးစား ဧရာဝတီသား”ဆိုတာ အဲ့ဒီဒေသရဲ့လက်စွဲဆောင်ပုဒ်။သို့ပေမယ့် သူ့နာမည် မနှစ်မြို့စရာ တံဆိပ် ကပ်ခံနေရတာ နှစ်တချို့ကြာပြီ။ မှတ်မှတ်ရရ ၂၀၂၁ နောက်ပိုင်းကတည်းက။
“ဒလန်ဝတီ”တဲ့….။ နွေဦးတော်လှန်ရေးထောက်ခံသူတွေကြား ပြောစမှတ်ပြုကြတာ။ချောင်းသာ၊ငွေဆောင်လို အပန်းဖြေကမ်းခြေတွေပိုင်ဆိုင်ထားတဲ့ ဧရာဝတီဟာ ခရီးသွားရာသီရောက်တိုင်း စည်ကားနေတဲ့ အဲ့ဒီကမ်းခြေ တွေကို အကြောင်းပြုပြီး တော်လှန်ရေးထဲက လက်ညှိုးထိုးချင်စရာ ဒေသတခုပမာဖြစ်ခဲ့ပါတယ်။
တဖက်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ “အတည်ငြိမ်ဆုံးတိုင်း”ရယ်လို့ အမွှမ်းတင် ဂုဏ်ပြုခဲ့ ကြတယ်။ အခုလက်ရှိအချိန်မှာတော့ စစ်ခေါင်းဆောင်တွေအနေနဲ့လည်း ဧရာဝတီဟာ “အတည်ငြိမ်ဆုံး”လို့ ကြုံးဝါးမနေနိုင်ကြတော့ဘူး။
တကယ်တမ်းမှာတော့ ဧရာဝတီဟာ မြန်မာတော်လှန်ရေးသမိုင်းတွေထဲ ဘယ်တုန်းကမှ တသီးတခြား နောက်ကျ ကျန်မနေခဲ့ဘူးဆိုတာ သမိုင်းမှတ်တမ်းတွေမှာတွေ့ရလိမ့်မယ်။
ကိုလိုနီခေတ် ဒုတိယကမ္ဘာစစ်ကာလကိုအသာထားလို့ လွတ်လပ်ပြီးစ ၁၉၄၉ကတည်းက ဧရာဝတီဟာ အစောဆုံး တော်လှန်တိုက်ပွဲတွေပေါ်ပေါက်ခဲ့ရာ ဒေသတွေထဲပါဝင်ခဲ့ပြီး ကရင်တော်လှန်ရေးနေ့ ပေါ်ပေါက်လာရာသမိုင်း ထဲမှာပါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ ချန်လှပ်ထားခဲ့လို့မရတဲ့သမိုင်းဖြစ်နေပါတယ်၊
၁၉၇၀ ပတ်ဝန်းကျင်တွေတုန်းကလည်း ဧရာဝတီဟာ စစ်မြေပြင်အဖြစ်နဲ့ တိုက်ပွဲတွေကြား ဖြတ်သန်းခဲ့ရဖူး ပါသေးတယ်။အဲ့ဒီနောက် နှစ်ပေါင်းငါးဆယ်ကျော်အကြာ နွေဦးတော်လှန်ရေးထဲက ဧရာဝတီကတော့ “ဒလန်ဝတီ” ရယ် လို့ သမုတ်ခံခဲ့ရတာပါ။
ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မတိုင်မီ လအနည်းငယ်လောက်အလိုကာလကိုပြန်ကြည့်ရင် ဧရာဝတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD တိုင်းလုံးကျွတ်အနိုင်ရတဲ့ တိုင်းငါးတိုင်းထဲက တခုလို့ ပြန်ပြောင်းတွေ့ရပါလိမ့်မယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက စုစုပေါင်းမြို့နယ် ၂၆ခု၊ရွေးကောက်ပွဲမဲဆန္ဒနယ် ၉၂ ခုပါဝင်တဲ့ ဧရာဝတီ မှာ NLD အမတ်တွေကပဲ မဲဆန္ဒနယ်တိုင်းကို အနိုင်ရခဲ့ကြတာပါ။
ဧရာဝတီမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခဲ့သူ လူဦးရေ ၂ဒသမ ၁ သန်းကျော်ရဲ့ ခိုင်လုံမဲတွေကို NLD အမတ် တွေရ ခဲ့တယ်လို့ အဲ့ဒီအချိန်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ခိုင်လုံမဲစာရင်းတွေကနေ လေ့လာအတည်ပြု နိုင်ပါ တယ်။
ဒါဟာ အဲ့ဒီအချိန် စာရင်းအင်း၊မှတ်တမ်းတွေအရ တိုင်းအတွင်းရှိလူဦးရေ အားလုံးရဲ့ သုံးပုံတပုံလောက်ရှိတဲ့ ပမာဏဖြစ်ပါတယ်။၂၀၂၁ အာဏာသိမ်းမှုပေါ်ပေါက်လာတဲ့အခါ တခြားဒေသတွေလိုပဲ ဧရာဝတီမှာလည်း အာဏာ သိမ်းမှုဆန့်ကျင်ကန့်ကွက်တဲ့ လူပင်လယ်တွေပေါ်ပေါက်ခဲ့တယ်။
“(အာဏာသိမ်းမှုလက်မခံကြောင်း)ဆန္ဒပြခဲ့ကြတယ်ဆိုတာတွေက အကုန်လုံးက စိတ်ရင်းနဲ့ဖြစ်တယ်” လို့ ရေကြည်မြို့နယ် တိုင်းလွှတ်တော် ကိုယ် စားလှယ်အဖြစ် ၂၀၂၀ တုန်းက အနိုင်ရခဲ့တဲ့NLD အမတ် ဦးမျိုးသက်ဦးက သူ့ယုံကြည်ချက်ကို ပြောပါတယ်။
ပြီးတော့ တဖြည်းဖြည်းဆင့်ကဲ ပြောင်းလဲလာတဲ့ နွေဦးတော်လှန်ရေးအရွေ့တွေထဲ ဧရာဝတီလည်းလိုက်ပါစီး မျောရင်း မြေအောက်တော်လှန်ရေးလှုပ်ရှားမှုတွေ၊လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းလာ စေရေး ကြိုးပမ်းမှုတွေလည်းရှိခဲ့ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလတိုက်ပွဲတွေထဲက တခုဟာ ဧရာဝတီတိုင်းထဲမှာဖြစ်ခဲ့တယ်ဆိုတာ အခုအချိန်မှာ မှတ်မှတ်ထင်ထင်ရှိနေသူ နည်းပါးကောင်းနည်းပါးနိုင်ပါတယ်။
ဘယ်တော၊ဘယ်တောင်၊ဘယ်လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ရာဒေသနဲ့မှမနီးစပ်တဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ်ထဲက လှေဆွဲရွာမှာ ၂၀၂၁ခုနှစ် ဇွန်လ ၅ရက်တုန်းက ရွာထဲဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တွေက လောက်လေးခွ၊ gas gun တွေနဲ့ ခုခံခဲ့ကြပါတယ်။
ဒီဖြစ်စဉ်အတွင်း ဒေသခံ သုံးဦးသေဆုံးကာ နှစ်ဦးထက်မနည်းဒဏ်ရာရခဲ့ပြီး နေရပ်ကနေ တိမ်းရှောင်ထွက်ပြေး ရ သူတွေလည်းရှိခဲ့ပါတယ်။စစ်ကောင်စီရဲ့အဲ့ဒီအချိန်သတင်းထုတ်ပြန်ချက်အရတော့ အလောင်းသုံးလောင်း၊ ဖမ်းမိ သူနှစ်ဦးရှိပြီး gas သေနတ်ခြောက်လက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ကနေ ထွက်ပြေးသွားသူတွေကို လိုက်လံဖမ်းဆီးရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတဲ့ကား မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီခုခံမှုနောက်ပိုင်း ဧရာဝတီတိုင်းထဲမှာ မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေ၊လက်နက်ကိုင်တပ်ဖွဲ့ တချို့ခြေကုပ် ယူနိုင်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် လက်တွေ့ဖြစ်မလာခဲ့ဘဲ ဒေသတွင်းတော် လှန်ရေး လှုပ်ရှားမှုတွေ တဖြည်း ဖြည်း လျော့ကျသွားခဲ့ပါတယ်။
ဒီမတိုင်ခင် သုံးလလောက်အကြာ မတ်လ ၈ရက်တုန်းက အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေကြတဲ့ လူအုပ်ကို စစ် ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းလို့ ဖျာပုံမှာ ဆန္ဒပြသူတဦးသေဆုံးခဲ့ပါတယ်။
ထိုင်သပိတ်လုပ်နေတဲ့ လူအုပ်ထဲ ပစ်ခတ်ခံရလို့ ဖျာပုံမြို့ အမှတ်(၁၅)ရပ်ကွက်မှာ နေထိုင်တဲ့ အသက်သုံးဆယ် ဝန်းကျင်အရွယ်ကိုသီဟဦး ဝမ်းဗိုက်ကျည်ထိမှန်ပြီးသေဆုံးခဲ့တာပါ။ဒါဟာ လက်ရှိ အာဏာသိမ်းကာလအတွင်း ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်ချက်နဲ့ အရပ်သားတဦးသေဆုံးတဲ့ ပထမဆုံး ဖြစ်စဉ်လည်းဖြစ်ပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမယ့် ဖျာပုံဒေသခံတွေ လူစုနေကြချိန် စစ်ကောင်စီက ဖမ်းဆီးသွားလို့ လူတရာ လောက်အဖမ်းခံရတဲ့နောက် နောက်ထပ် အာဏာသိမ်းဆန့်ကျင်သူတွေက ထိုင်သပိတ်ပြုလုပ်ကြချိန် ပစ်ခတ် ဖြိုခွဲခံရတာလို့ အခင်းဖြစ်ချိန်မှာ ဒေသခံတွေကပြောကြပါတယ်။
အဲ့ဒီနေ့မှာပဲ စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း မြို့နယ်ခြောက်ခုမှာ ပြုလုပ်နေတဲ့ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေကို တပြိုင်တည်း အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။
“(စစ်ကောင်စီက)သတ်ပြ၊ဖမ်းပြ၊ရက်စက်ပြတာတွေကိုမြင်လာတဲ့အခါကျတော့လူတွေကကြောက်လာတယ်၊နောက်တခုက ရေရှည်ကာလကိုမလိုက်နိုင်တော့ဘူး၊စားဝတ်နေရေးနဲ့အခက်အခဲတွေရှိလာတဲ့အခါကျတော့ ဧရာဝတီ ရဲ့အနေအထားက တဖြည်းဖြည်းနဲ့(တော်လှန်ရေးလှုပ်ရှားမှု)လျော့လျော့သွားတယ်”လို့ မအူပင်မြို့နယ် NLD လူငယ်ပါတီဝင် အမျိုးသမီးတဦးက သူ့အမြင်ကိုပြောပါတယ်။
ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၂၀တုန်းက အနိုင်ရခဲ့ပြီး လက်ရှိတော်လှန်ရေး လှုပ်ရှားမှု တွေထဲပါဝင်နေတဲ့ ဦးမျိုးသက်ဦးကတော့ အထက်ပါအချက်အပြင်ဧရာဝတီတိုင်းဟာ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ အားကောင်းတဲ့ဒေသဖြစ်တာ၊ဒေသအခြေအနေ ပထဝီအနေအထားအရ စစ်ရေးဖော်ဆောင်ဖို့ ခက်ခဲတဲ့အခြေ အနေတွေကြောင့် ဧရာဝတီတိုင်းမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ လျော့ကျခဲ့တာလို့ သုံးသပ်ပါတယ်။
၂၀၂၀ တုန်းက အနိုင်ရမဲဆန္ဒနယ် တခုမှမရခဲ့တဲ့တိုင်အောင် ဧရာဝတီတိုင်းဟာ စစ်ဗိုလ်ချုပ်တွေ၊စစ်တပ်ကျော ထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီတို့နဲ့ မစိမ်းလှတဲ့ဒေသတခုပါ။သမ္မတဟောင်းဦးသိန်းစိန်အပါအဝင် ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တချို့ဟာလည်း ဧရာဝတီတိုင်းသားတွေ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊စီးပွားရေးလုပ်ငန်းရှင်ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ဒေသခံတွေကြား စီးပွားရေး အရ ဆက်နွယ်ပတ်သက်မှုတွေလည်းခိုင်ခိုင်မာမာရှိနေတဲ့ဒေသပါ။၂၀၂၀တုန်းက ဧရာဝတီမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၆ခု အတွက် ဝင်ပြိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းတွေဟာ စုစုပေါင်း ခိုင်လုံမဲ ၁ဒသမ ၁သန်းကျော်ရခဲ့ပါတယ်။
နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြက်ရယ်ပြုနှိမ်ချ တံဆိပ်ကပ်တော့မယ်ဆိုရင် အဲ့ဒီအချက်တွေကို လည်းထည့်သွင်းစဉ်းစားသင့်တယ်လို့ ဒေသခံတွေ၊လေ့လာသူတွေက ထောက်ပြကြပါတယ်။
“ဧရာကိုက ဒီကောင်တွေ(စစ်ကောင်စီ) အလွယ်တကူဝင်ရောက်နိုင်တယ်၊ပြီးတော့ ပိတ်ချလိုက်တာမျိုးတွေ လုပ်ဖို့ လွယ်တယ်၊ဧရာမှာက ကုန်းတွင်းထွက်ပေါက်တွေကို ပိတ်လိုက်နိုင်တယ်ဆိုတာမျိုးတွေရှိတော့ ကျွန်တော်တို့ ဘက်က ခြေသံလုံလုံနဲ့ လျှောက်ရတာမျိုးပဲ”လို့ အမည်မဖော်လိုတဲ့ ဧရာဝတီဒေသခံ တော်လှန်ရေးသတင်းရင်း မြစ်တဦးက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့ NLD လွှတ်တော်အမတ်တချို့ကလည်း ဧရာဝတီဒေသခံ တော် လှန်ရေးရဲဘော်တွေဟာ ပြီးခဲ့တဲ့ ကာလတလျှောက်လုံး ဇာတိရပ်ရွာနဲ့ဝေးရာ ဒေသပေါင်းစုံက တော်လှန်ရေးတိုက် ပွဲတွေထဲ ပါဝင်နေခဲ့ကြတာလို့ ထုတ်ဖော်ပြောဆိုပါတယ်။
“ဧရာဝတီတိုင်းသူ၊တိုင်းသားတွေဟာ နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန် ရေးကာလတလျှောက်လုံးမှာ နှုုတ်ရေးမကြွယ်၊ခြေသံမကျယ်ဘဲ အသက်တွေဘဝတွေရင်းနှီးပြီး ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်”လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧရာဝတီ PDF အတွက် ရန်ပုံငွေရှာဖွေတဲ့ အစီ အစဉ်တခုမှာပြောပါတယ်။
အာဏာသိမ်းကာလ လေးကြိမ်မြောက်နှစ်ပတ်လည်ချိန်၊နိုင်ငံတဝန်းက လက်နက်ကိုင်တော်လှန်ရေး သုံးနှစ်ကျော် လာချိန်လက်ရှိမှာတော့ ဧရာဝတီတိုင်းထဲ လေကြောင်း၊လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်တဲ့ ရင်ဆိုင်တိုက်ပွဲတွေ ပေါ်ပေါက်လာနေပါပြီ။
ဧရာဝတီကို လူတွေပိုပြီး အာရုံစိုက်လာစေတဲ့အချက်ကတော့ အဲ့ဒီတိုက်ပွဲတွေဟာ တော်လှန်ရေးတပ်တွေရဲ့ ထိုး စစ်ဆင်မှုကနေအစပြုတဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အချက်ပါ။
လက်ရှိအချိန်အထိတော့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဧရာဝတီ ထိုးစစ်ကို အာရက္ခတပ်တော် AA ကဦး ဆောင်နေတာပါ။ရခိုင်တပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဒေသနှစ်ခုကြားထိစပ်နေတဲ့ ရခိုင်ရိုးမ၊ပင်လယ်ကမ်းခြေဒေသတွေအတိုင်း ဧရာဝတီထဲ ဆက်လက်ခြေဆန့်ပြီး စစ် ကောင်စီကိုထိုးစစ်ဆင်နေပါတယ်။
လက်ရှိ ဧရာဝတီထိုးစစ်တွေထဲ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ နား လည်ရပေမယ့် ဧရာဝတီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပြောဆို တာမျိုးတွေတော့ မရှိသေးပါဘူး။
ဒါပေမယ့် NUG ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနနဲ့ ဗျူဟာ တွေကို ဖွဲ့စည်းလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပြီး လက်ရှိမှာ ဧရာဝတီPDF ဗျူဟာဖြစ်တဲ့ ဗျူဟာ ၂၉အတွက် ရန်ပုံငွေရှာ ဖွေရေးကမ်ပိန်းတခုလုပ်နေပါတယ်။
မြေပြန့်ဒေသတွေမှာ ထိုးစစ်တွေပြင်းထန်လာဖို့ရှိနေတဲ့ အခုနှစ် ၂၀၂၅အတွင်း ဧရာဝတီတိုင်းဟာ အရေးကြီး စစ်မျက်နှာတခုဖြစ်လာမယ်လို့လည်း NUG ကဆိုပါတယ်။
“စစ်ရေးဗျူဟာ အရ အသေးစိတ်တွေတော့ကျွန်တော်အများကြီးမပြောလိုဘူး၊ဒါပေမယ့် ဧရာဝတီရဲ့ လွတ်မြောက်ရေးဟာ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်အင်မတန်မှအရေးကြီးတယ်”လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။
ပြည်မဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြည်နယ်တွေက တော်လှန်ရေးတိုက်ပွဲတွေမှာပါဝင်ခဲ့၊ ပါဝင်တိုက် ခိုက်နေကြသလို တိုင်းဒေသတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေကိုလည်း တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ တွေအကူအညီနဲ့ ပူးပေါင်းတိုက်ခိုက်မှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။
ဒါပေမယ့် စစ်ရေးအရ ထိုးဖောက်တိုက်ခိုက်ဖို့ ခက်ခဲနိုင်တဲ့ ဧရာဝတီဒေသနဲ့ပတ်သက်ပြီး NUG ဘက်က အခုလို ကြိုတင်ထုတ်ဖော်ပြောဆိုမှုတွေလုပ်နေတာကို အလိုမကျသူတချို့လည်းရှိပါတယ်။
“ဧရာဝတီတိုင်းက နယ်မြေကျဉ်းတယ်၊ပြီးရင် စစ်ခေါင်းဆောင်တွေဘက်က နယ်မြေကျွမ်းကျင်တဲ့ အပိုင်း ဖြစ်တယ်၊ ဒါကြောင့် NUG ဘက်က စစ်ရေးထိုးမယ်ဆိုရင် အသံဘဲ လွှင့်နေတာမဟုတ်ဘဲ မြန်မြန်လာစေချင်တယ်”လို့ မအူပင်မြို့နယ် ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။
လက်ရှိမှာဧရာဝတီနဲ့ ထိစပ်တဲ့ ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ်တခုလုံးကို အာရက္ခတပ်တော် AAသိမ်းပိုက် နိုင်ခဲ့တဲ့နောက် ဧရာဝတီတိုင်းထဲက မကျီးဇင်၊ဘောမိ စတဲ့ ဒေသအခြေစိုက်စစ်ကောင်စီ တပ်စခန်း တွေဆက်တိုက် ဆက်ပြီး သိမ်းပိုက်ခံထားရပါတယ်။
ဒါ့အပြင် သာပေါင်း၊ရေကြည်မြို့နယ်တွေထဲက ကျေးရွာတချို့ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်အသိပေးထားပါတယ်။
စစ်ကောင်စီကတော့ ဧရာဝတီတိုင်းထဲက စစ်ရေး အခြေအနေတွေနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေသေးပေမယ့် မြေ ပြင်မှာတော့ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေ၊စစ်ဆေးမှုတင်းကျပ်တာတွေ၊တိုက်ပွဲနဲ့နီးစပ်ရာဒေသတွေက ဒေသခံတွေ ကြိုတင်တိမ်းရှောင်မသွားကြဖို့ ဖိအားပေးထားတာမျိုး လုပ်နေတာရှိပါတယ်။
အဲ့ဒီလို ဖိအားပေးမှုတွေဟာ ဒေသခံအရပ်သားတွေကိုသာမက စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် ထမ်းနေတဲ့ ဝန်ထမ်းတွေကိုပါ သက်ရောက်မှုရှိတယ်လို့ Non-CDM ဝန်ထမ်းတချို့က DNAကိုပြောပါတယ်။
“ထင်တာတော့သူတို့(စစ်ကောင်စီ)ကြောက်နေတဲ့ပုံရတယ်”
ဒေသတွင်း စစ်ကောင်စီအာဏာပိုင်တွေရဲ့ အရပ်သား၊ဝန်ထမ်းမခြား ဖိအားပေးနေပုံ ၊ဝန်ထမ်းတွေထွက်လို့ မရသလို ဌာနကိုအကြောင်းမကြားဘဲ ကင်းကွာနေရင် အိမ်အထိလိုက်လာပြီး စစ်ဆေးမယ်ဆိုကာ ဖိအားပေး ခံထားရတဲ့ အ ခြေအနေတွေကိုထောက်ပြရင်း ဧရာဝတီတိုင်းမြို့နယ်တခုမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Non-CDM မူလတန်းပြဆရာမတဦးက အဲ့ဒီလိုပြောလိုက်တာပါ။
သူ့ရဲ့အမျိုးသားကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပေမယ့် ဘယ်ရောက်နေမှန်းမသိရဘဲ အဆက်အသွယ်ပြတ်နေတာလို့ သိရပါတယ်။
ဒေးဒရဲမြို့နယ်ဒေသခံ တက်ကြွလှုပ်ရှားသူတဦးကတော့ “ပြည်သူတွေရော စစ်ကောင်စီကရော သတိအနေ အထားနဲ့နေတာမျိုးတွေ့ရတယ်”လို့ လက်ရှိဧရာဝတီ အခြေအနေကို သုံးသပ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တချို့အတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေ လျော့ပါးခဲ့တဲ့ ဧရာဝတီမှာ တိုက်ပွဲတွေ၊ စစ်ဘေးရှောင် သူတွေ၊စစ်ပွဲတွေ ရှေ့ဆက်တိုးလာမယ့် အရေးတွေးပူနေသူတွေကတော့ရှိနေပါပြီ။လေးနှစ်သား နွေဦးဟာ ဧရာဝတီ ရင်ခွင်ထဲ တဖြည်းဖြည်း ပိုပြီးချဉ်းကပ် တိုးဝင်လာနေပါတယ်။
ဧရာဝတီဒေသခံတချို့နဲ့ တော်လှန်ရေးသတင်းရင်းမြစ်တချို့ကတော့ဧရာဝတီဟာ လှောင်ပြောင် ဝေဖန်ခံရမှုတွေ ရှိခဲ့တဲ့တိုင် လက်တွေ့တော်လှန်ရေးအချိုးအကွေ့ကို စောင့်ကြို၊မျှော်လင့်နေသူတွေ လည်း ရှိနေတယ်လို့ ဆိုကြ ပါတယ်။
“ပြာဖုံးနေတဲ့မီးခဲပဲ၊လေတဝှေ့တိုးလိုက်တာနဲ့ ရဲရဲတောက်နေတဲ့ မီးခဲဟာ အောက်မှာရှိနေတယ်” လို့ ဒေးဒရဲ ဒေသခံ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသက်ဦးဆီမှာလည်း အဲ့ဒီအမြင်နဲ့ ထပ်တူကျတဲ့ ရှုမြင်သုံး သပ်မှုမျိုးရှိနေပါတယ်။
“အများကြီးပါ၊အကြောင်းအမျိုးမျိုးကြောင့် အသင့်အနေအထားနဲ့ ခါးတောင်းကျိုက်၊ဓားသွေး၊အံကြိတ်ပြီးစောင့် နေတဲ့ ဧရာဝတီသားတွေအများကြီးရှိတယ်”လို့ သူကပြောလိုက်ပါတယ်။