မြန်မာနိုင်ငံက ခရီးမသွားသင့်တဲ့ ဒေသတွေထဲ ဧရာဝတီတိုင်း မြို့နယ်ခုနစ်ခုကို ဗြိတိန်ထည့်သွင်း

Photo – Bon
 
ဇန်နဝါရီ၊ ၂၃
 
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်ခုနစ်ခုကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြား​ရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး(FCDO) က ဇန်နဝါရီ ၂၂ ရက်၊ မနေ့က ထုတ်ပြန်သတိ ပေးထားပါတယ်။
 
မြန်မာနိုင်ငံထဲက ရန်ကုန်၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတို့ကလွဲပြီး တခြားဒေသတွေကို ခရီးမသွားကြဖို့ FCDO က အရင်က သတိပေးခဲ့ရာကနေ ရခိုင်-ဧရာဝတီအစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်လာတဲ့နောက် ထင်ရှားတဲ့အပန်းခြေကမ်းခြေတွေရှိရာ ပုသိမ်မြို့နယ်အပါအဝင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ ၊ရေကြည်၊ သာပေါင်းတို့ကိုပါ ထပ်တိုးထည့်သွင်း လိုက်တာပါ။
 
အဲ့ဒီမြို့နယ်တွေဟာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ဂွမြို့နယ်တွေနဲ့ထိစပ်နေသလို ရခိုင်ရိုးမနဲ့လည်း ထိစပ်တဲ့ ဒေသတွေဖြစ်ပါတယ်။သံတွဲနဲ့ ဂွမြို့နယ်တွေကိုတော့ အာရက္ခတပ်တော် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက် ထားပြီးပါပြီ။
 
“အရေးကြီးကိစ္စမဟုတ်ရင်တော့ မသွားကြတာကောင်းတယ်၊ ဟိုကောင်တွေက(စစ်တပ်) စစ်ရေး ပြင်ဆင်ဖြည့် တင်းတာတွေလုပ်နေတာ သိတဲ့အတိုင်း၊ ဒါက အချိန်မရွေးထတောက်မယ့်မီးပဲ” လို့ ငွေဆောင်၊ ချောင်းသာ တို့ဘက် ကားပြေးဆွဲနေတဲ့ ပုသိမ်မြို့ခံ ကားသမားတဦးက DNA ကို ပြောပါတယ်။
 
FCDO က သတိပေးထားတဲ့ ဧရိယာတွေထဲပါတဲ့ ပုသိမ်မြို့နယ်ထဲက မကျီးဇင်၊ ဘောမိနဲ့ ရေကြည်မြို့နယ်ထဲရှိ ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား အခုရက် ပိုင်းအတွင်းမှာပဲ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါသေးတယ်။
 
AA ဘက်ကလည်း ရခိုင်နဲ့ ဧရာဝတီ ထိစပ်နေတဲ့ ဧရိယာတချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။
 
“ကျွန်တော်တို့သိသလောက်တော့ အခုက အသံတွေတိတ်နေတယ်၊ ဒါပေမယ့် အသံတိတ်နေတယ်ဆိုတာက မ ဖြစ်တော့ဘူးလို့ ပြောလို့မရဘူးလေ” လို့လည်း ရခိုင်-ဧရာဝတီအစပ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အထက်ပါ ပုသိမ်မြို့ခံ ကားသမားက မှတ်ချက်ပြုပါတယ်။
 
အာရက္ခတပ်တော်(AA) က အရင်နှစ် နှစ်ကုန်ပိုင်းမှာ ဂွမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ရေးအကဲခတ်တွေ ခန့်မှန်းထားကြတဲ့အတိုင်းပဲ အခုနှစ် အစောပိုင်းမှာတော့ ဧရာဝတီတိုင်းထဲအထိ AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု တွေ ရှိလာနေတာပါ။
 
ရခိုင်နဲ့ ဧရာဝတီအစပ်မှာရှိတဲ့ မကျီးဇင်၊ ဘောမိတဝိုက်မှာ ဇန်နဝါရီ ပထမ သုံးပတ်အတွင်း တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အင်အားရာချီ စစ်ကူပေးပို့ခဲ့သလို လေကြောင်း၊ ရေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ ဒေသခံတွေ သေဆုံးမှုရှိခဲ့တဲ့အပြင် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။
 
အဲဒီနောက်မှာတော့ ပုသိမ်မြို့နဲ့ မိုင်လေးဆယ်ခန့်၊ ချောင်းသာကမ်းခြေနဲ့ ဆယ်မိုင်ခန့်သာဝေးတဲ့ ရွှေသောင်ယံ မြို့အထိ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနေလို့ ဒေသခံတွေအနေနဲ့ ကြိုတင်တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။
 
“ကျွန်တော်တို့က ကားလမ်းပွင့်နေတော့ ကားလာငှားသူရှိရင် သွားနေတုန်းပဲ၊ ဒါပေမယ့် ချောင်းသာထိ သွား တဲ့သူတွေတော့ ခုရက်ပိုင်းမရှိဘူး၊ ပြီးတော့ လမ်းမှာက ဂိတ်တွေကအများကြီး၊ သူတို့ရှိတဲ့နေရာတွေမှာပဲ တိုက် ပွဲက ဖြစ်လေ့ရှိတာဆိုတော့ သူတို့ကိုဖြတ်သွားရတာကိုက အဆင်ပြေမနေတာ” လို့ ပုသိမ်မြို့ခံ ကားသမားက ပြောပါတယ်။
 
နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတို့မှာတော့ အခုရက်ပိုင်းအတွင်း ကြိုတင်ဘွတ်ကင်ယူထားတဲ့ ခရီးစဉ်တွေဖျက်သိမ်းသွားကြတာမျိုးတွေရှိနေသလို လာရောက်လည်ပတ်သူလည်း မရှိသလောက်နည်းပါးတာ ကြောင့် ဟိုတယ်တချို့ပိတ်ထားလိုက်တယ်လို့သိရပါတယ်။
 
“(ဟိုတယ်ကနေ)ပစ္စည်းတွေ တော်တော်များများ ရန်ကုန်တို့ ပုသိမ်တို့ပြန်ပို့လိုက်ပြီ၊ ဧည့်သည်လည်း တော်တော် ပါးသွားပြီ”လို့ ငွေဆောင်က ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။
 
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အရင်ကတော့ ဧရာဝတီတိုင်းမှာ တိုက်ပွဲတွေမရှိဘဲ ငြိမ်သက်နေတာနဲ့ ပတ် သက်ပြီး မကြာခဏ ဂုဏ်ယူပြောဆိုလေ့ရှိပေမယ့် အခုလို တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်းမှာတော့ စစ် ခေါင်းဆောင်ရော စစ်ကောင်စီကပါဧရာဝတီတိုင်းနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။