
ဇန်နဝါရီ၊ ၂၀
“ရွှေသောင်ယံကတော့ လောလောဆယ် (အေး)ချမ်းနေပါသေးတယ်၊ ဖြစ်လာမှာတော့အသေအချာပဲ၊ လက်ရှိ အနေအထားအရဆိုရင် ကြာမှာနဲ့ မြန်မှာပဲရှိတယ်”
စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲ ထိုးနှက်ခံခဲ့ရတဲ ဘောမိတိုက်ပွဲအပြီးမှာ ရွှေသောင်ယံမြို့ဆီ ကျိန်းသေ စစ်မီးဆက်ကူးလာတော့မယ်လို့ ယူဆထားတဲ့ အသက်လေးဆယ်ဝန်းကျင်အရွယ်မြို့ခံတဦးဖြစ်တဲ့ ကိုမောင်မောင် (အမည်လွှဲ)ကအထက်ပါအတိုင်းပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ဘောမိကျေးရွာကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ဘောမိရွာနဲ့ မိုင်နှစ်ဆယ်လောက်သာကွာတဲ့ ရွှေသောင်ယံမြို့ဘက် တိုက်ပွဲတွေကူး စက်လာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာပါ။
၂၀၁၈ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ကြည်း၊ရေ၊လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကိုသာ ကြီးကြီးမားမား စစ် ရေးလှုပ်ရှားမှုအဖြစ် မျက်ဝါးထင်ထင်ကြုံခဲ့ကြရဖူးတဲ့ ရွှေသောင်ယံဒေသခံတွေဟာ လက်ရှိမှာတော့ လက်တွေ့ စစ်ပွဲတွေရဲ့ ထိတွေ့နှုတ်ဆက်မှုကိုရင်ဆိုင်နေကြရပါပြီ။
ရခိုင်-ဧရာဝတီအစပ်နားမှာရှိတဲ့ မကျီးဇင်ရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို AA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၀ ရက်နေ့လောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဇန်နဝါရီ ၁၈ ရက်၊ ညနေပိုင်းမှာလည်း မကျီးဇင်နဲ့ သုံးမိုင်ခန့်အကွာရှိ ဘောမိရွာကိုပါ AA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
ဘောမိရွာမှာ မကျီးဇင်ဘက်ကနေ တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဝက်သေရွာကနေတဆင့် ရေလမ်းကနေ စစ်ကူသွားတဲ့ တပ်ဖွဲ့ဝင်တရာကျော်၊ တင့်ကားခုနစ်စီး လောက်နဲ့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်း ခုခံခဲ့တာပါ။
ဒါပေမယ့် ဇန်နဝါရီ ၁၆ ရက်ည၊ AA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်ကအကျ အဆုံးများခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင် ရာချီလည်းရွှေသောင်ယံဘက် တပ်ဆုတ်ထွက်ပြေးလာခဲ့တယ်လို့သိရပါ တယ်။
“(ဆုတ်လာတဲ့တပ်တွေ)ရွှေသောင်ယံ တပ်ရိပ်သာမှာပဲရှိနေပါတယ်၊ ဒီမှာဖွဲ့စည်းပုံပြန်တည်ဆောက်မယ်ထင် တယ်” လို့လည်း ကိုမောင်မောင်က ပြောပါတယ်။
ဘောမိကနေ ရေလမ်းအတိုင်း ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ နှစ်ရာကျော်အထိရှိနိုင်ပြီး အဲဒီ ထဲက ဒဏ်ရာရထားတဲ့ တပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်ကိုတော့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပုသိမ်ဘက် ပို့ဆောင် လိုက်တယ်လို့လည်း သိရပါတယ်။
ဘောမိကနေ ရွှေသောင်ယံဘက်ကို လာမယ်ဆိုရင်တော့ အကျယ်အဝန်း ပေ တထောင်ကျော်လောက်ရှိတဲ့ ငဝန် မြစ်ဝကို ရေယာဥ်နဲ့ ကူးဖို့လိုအပ်ပြီး ရွှေသောင်ယံမရောက်ခင် ကြားထဲမှာတော့ တောင်နီမော်၊ ဂျိတ်လက်၊ ခြောက် အိမ်စု၊ မကျီးပင်ချိုင်၊ မီးလောင်ချိုင်၊ ဖုန်းဆိုး၊ တပင်မော်၊ သပေါ့ကန်၊ ဝက်သေ စတဲ့ ကျေးရွာတချို့ ရှိပါတယ်။
လက်ရှိ ရွှေသောင်ယံမှာတော့ မြို့ပေါ်ရှိ တပ်ရိပ်သာနဲ့ ရဲစခန်း၊ မြို့နဲ့ ခုနစ်မိုင်ခန့်အကွာက တပင်မော် အမြောက် တပ်စခန်းတို့ကသာ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေအဖြစ် ရှိနေပါတယ်။
ပင်လယ်ကမ်းစပ်မှာရှိပြီး ဧက နှစ်ဆယ်လောက်ကျယ်ဝန်းတဲ့ တပင်မော်အမြောက်တပ်စခန်းမှာ ပတ်ပတ် လည် ကတုတ်ကျင်းတွေတူးထားသလို ခြံစည်းရိုးတွေလည်း နှစ်ထပ်ထက်မနည်း ကာရံထားတာကို ဂြိုလ်တုဓာတ်ပုံတွေအရ သိရပါတယ်။
ရွှေသောင်ယံမြို့နဲ့ သုံးမိုင်ခန့်အကွာ ဝက်သေရွာနဲ့ သပေါ့ကန်ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ တင့်ကားတွေပါသုံးပြီး တပ်ဖြန့်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် DNAရဲ့သတင်းရင်း မြစ်ကတော့ အဲ့ဒီလိုအခြေအနေမတွေ့ရဘူးလို့ဆိုပါတယ်။
“ဘောမိနဲ့သပေါ့ကန်ကြားက တောထဲမှာတော့တပ်ဖြန့်ထားတယ်၊ အများဆုံး ၆၀၊ ၇၀ ပေါ့၊ (တခြား)တောထဲမှာ တော့ မပြောတတ်ဘူးပေါ့၊ သပေါ့ကန်မှာတော့ ဘောမိကတပ်ဆုတ်လာတဲ့အဖွဲ့တွေကိုစောင့်နေတဲ့ တပ်တွေ လောက်ပဲရှိပါတယ်”လို့ သပေါ့ကန်ကနေ ရွှေသောင်ယံဘက်ကိုတိမ်းရှောင်လာသူတွေနဲ့ လည်း အဆက်အသွယ်ရှိတဲ့ကိုမောင်မောင်ကပဲ ပြောပြပါတယ်။
ဝက်သေရွာနဲ့ သပေါ့ကန်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တပ်ချထားတာ ရှိ၊ မရှိ ဆိုတာကို အတည်ပြုနိုင်ဖို့တော့ DNA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဂျိတ်လက်ဘက်ကိုလည်း ဇန်နဝါရီ ၁၈ ရက်ညမှာ ရွှေသောင်ယံကနေတဆင့် ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပို့ဆောင်ထားတယ်လို့ ဆိုကြပေမယ့် အင်အားဘယ်လောက်ရှိလဲဆိုတာကိုတော့ မသိရပါဘူး။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်အထိ DNA က ရရှိထားတဲ့ အချက်အလက်တွေအရတော့ မကျီးဇင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ပုသိမ်ကနေ ရွှေသောင်ယံဘက်ကို ဇန်နဝါရီ ၉ ရက်နေ့မှာ စစ်ကားအကြီး တဆယ့်သုံးစီးနဲ့ တပ်ဖွဲ့ဝင် အင်အားတရာကျော်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာ တင့်ကား ခုနစ်စီးခန့်နဲ့ နှစ်ကြိမ်သာ အင်အားဖြည့် တင်းထားပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တင့်ကားတွေကိုလည်း ဝက်သေရွာကနေတဆင့် ဘောမိဘက်ကို ရေလမ်းကနေ စစ်ကူပို့ဆောင်ခဲ့တာဖြစ်ပြီး ဘောမိတိုက်ပွဲအတွင်းမှာတော့ တင့်ကား လေးစီးခန့် ပျက်စီးသွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ဒါ့အပြင် ရွှေသောင်ယံကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း တပ်ကို စွန့်ခွာထွက်ပြေးနေကြ တာ တွေရှိလို့ စစ်ကောင်စီဘက်က လိုက်လံရှာဖွေနေရတယ်လို့လည်း သိရပါတယ်။
“ရွှေသောင်ယံကနေထွက်ပြေးနေကြတာလည်း တော်တော်များနေပြီ၊ ၂၀၊ ၃၀ လောက်တောင်ရှိလောက်ပြီ ထင်တယ်”လို့ ကိုမောင်မောင်ကပြောပါတယ်။
ဘောမိတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့သလို မနေ့ကထိတော့ ရွာအနောက်ဘက် ပင်လယ်ပြင်မှာရှိတဲ့ ရေတပ် စစ်သင်္ဘောတွေကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသေးတယ်လို့ သိရပါတယ်။
“ဘောမိဆိုတော့ တော်တော်နီးနေပြီ၊ အဲဒီလိုပဲ သတင်းနားထောင်ပြီး အထုပ် အဆင်သင့်ထုပ်ပြီး စောင့်နေကြ တာပဲ၊ တဝက်လောက်ကတော့ ရှောင်ကုန်ပြီ” လို့ ရွှေသောင်ယံကနေ တိမ်းရှောင်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းအထိတော့ ရွှေသောင်ယံနဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားတာမျိုး မရှိသေးဘူးလို့ သိရပါ တယ်။
ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို မနှစ် နှစ်ကုန်ပိုင်းမှာ AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဧရာဝတီတိုင်းအတွင်းထိ AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်တယ်လို့ ဧရာဝတီဒေသခံတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းထားခဲ့ကြတာပါ။
အဲဒီနောက် အခုလ ဇန်နဝါရီ ပထမအပတ်အတွင်းမှာပဲ ပုသိမ်မြို့နယ်ထဲရှိ မကျီးဇင်ဘက်ခြမ်းနဲ့ ရခိုင်-ဧရာဝတီ အစပ် ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်က ဗေဒါစစ်ဆေးရေးဂိတ်တဝိုက်မှာ AA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။
“စစ်ကြောင်းသုံးကြောင်းလောက်ဖြန့်ဝင်လာမယ်ထင်ရတယ်၊ လက်ရှိအခြေအနေအရပေါ့” လို့ AA ပူးပေါင်းတပ် တွေအနေနဲ့ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာနိုင်ချေကို ကိုမောင်မောင်က ခန့်မှန်းပါတယ်။
သူဆိုလိုတဲ့ နေရာသုံးခုကတော့ ဂွ-ငါးသိုင်းချောင်းလမ်း၊ မကျီးဇင်-သာပေါင်းလမ်းနဲ့ ရွှေသောင်ယံတို့ဖြစ်ကြပြီး အဲဒီနေရာ သုံးခုစလုံးကတော့ ပုသိမ်မြို့ရှိ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ကို ဖိအားပေး ခြိမ်းခြောက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ လက်ရှိ အဲဒီနေရာသုံးခုစလုံးမှာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အပြင် ဂွ-ငါးသိုင်းချောင်း လမ်းပေါ်က မြောက်စမ်းရွာအနီးမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း(အမတ) ၃၄၄ နဲ့ သာပေါင်းမြို့အဝင်နားမှာလည်း ခြေလျင်တပ်ရင်း(ခလရ) ၃၀၈ တို့ နဂိုကတည်းက အခြေစိုက်ထားပါတယ်။
လက်ရှိ နှစ်ဖက်စစ်ရေးတင်းမှာနေတဲ့ ရွှေသောင်ယံမြို့ကတော့ နတခ အခြေစိုက်ရာ ပုသိမ်မြို့နဲ့ မိုင်လေးဆယ် လောက်သာဝေးပြီး နာမည်ကျော် ချောင်းသာကမ်းခြေနဲ့ဆိုရင် ဆယ်မိုင်ဝန်းကျင်လောက်သာ ဝေးပါတယ်။
၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေပေါ်ပေါက်လာတဲ့နောက် စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ နာမည်ကျော်ဒေသတွေ ထဲမှာ ရခိုင်ပြည်နယ်က ငပလီကမ်းခြေလည်းပါဝင်ပါတယ်။အာရက္ခတပ်တော် AA ရဲ့ ရခိုင်ပြည်နယ်ထိုးစစ် တွေ အတွင်း နပခ လိုစစ်ဌာနချုပ်နဲ့ မြို့နယ်အများအပြားအပြင် ကမ္ဘာကျော်ကမ်းခြေတခုဖြစ်တဲ့ ငပလီကိုလည်း လက် လွှတ်ခဲ့ရတာပါ။
လက်ရှိမှာတော့ ဧရာဝတီတိုင်းထဲက ထင်ရှားတဲ့ အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်၊ချောင်းသာတို့ အနီး အထိ စစ်မီးကူးစက်လာသလို အဲ့ဒီကမ်းခြေတွေလို နာမည်ကျော်လာဖို့ အစပျိုးနေဆဲ ရွှေသောင်ယံ ဒေသက တော့ စစ်မီးကူးစက်ခံရဖို့ လက်တကမ်းအလိုကိုရောက်နေပါပြီ။