ဇန်နဝါရီ ၊ ၄
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်ရာ ရခိုင်ပြည်နယ်နဲ့ထိစပ်ဒေသတွေဖြစ်တဲ့ ဧရာ ဝတီတိုင်း၊ပဲခူးတိုင်း(အနောက်ခြမ်း)နဲ့ မကွေးတိုင်း(တောင်ခြမ်း)တို့မှာ စစ်ရေးလှုပ်ရှားမှုတိုးမြှင့်နေပြီး ပြောက် ကျားစစ်၊ လှုပ်ရှားစစ်တွေ အပြန့်ကျယ်ကာ တိုးပွားလာနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ်အတွင်း စစ်ရေး အခြေ အနေဆိုင်ရာအစီရင်ခံစာမှာ အဲ့ဒီလိုဖော်ပြထားတာပါ။
ပြည်မဒေသနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်မြို့နယ်တွေအားလုံးကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေချိန် နဲ့ သိမ်းပိုက်ပြီးချိန်လက်ရှိအထိ ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ မကွေးတိုင်းတောင်ခြမ်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းတို့မှာအ ခြေစိုက်တဲ့တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ အဲ့ဒီလို နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တာမျိုး လတ်တလော မရှိသေးပေမဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီတပ်တွေကို တိုက်ခိုက် နိုင်ရေး စုဖွဲ့ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောဆိုတာတွေရှိနေပါတယ်။
ဒီကနေ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာလည်း “လမ်းအားလုံးနေပြည်တော်”သို့ မဟာဗျူဟာ စီမံချက်အောက်မှာ ရိုးမဧရာစစ်ဆင်ရေးကို အညာအောင်မြေစစ်ဆင်ရေး၊ရှမ်းမန်းစစ်ဆင်ရေး၊ကမ်းခြေစစ် ဆင် ရေး၊စစ်တောင်းစစ်ဆင်ရေး၊စတာတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ဟန်ချက်ညီဆင်နွှဲနေတယ် လို့ဖော်ပြ ထားပါတယ်။
အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်ထိုးစစ်တွေအတွင်း စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေက လွဲလို့ နပခစစ်ဌာနချုပ်အပါအဝင် ကျန်တဲ့ မြို့နယ် ၁၄ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးအ နောက်ခြမ်း၊ဧရာဝတီတိုင်းတို့နဲ့ထိစပ်နေတဲ့ ရခိုင်ရိုးမဒေသတလျှောက်မြို့နယ်တွေဟာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်နယ်မြေတွေ ဖြစ်လာပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးက ပြည်မနဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဂွမြို့နယ် ကိုလည်း AAက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းသိမ်းပိုက်နိုင်ခဲ့တာကြောင့် ရခိုင်-ဧရာဝတီ ထိစပ်ရာ ကမ်းခြေ ဒေသတွေမှာ စစ် ရေးမတည်ငြိမ်မှုတွေနဲ့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုတွေ ၊လုံခြုံရေး တင်းကျပ်မှုတွေပါ ရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အရေးကြီးတဲ့ တိုးတက်မှုအခြေအနေဟာ ထုအင် အားတည်ဆောက်ပြီး မဟာဗျူဟာထိုးစစ်ဆင်နွှဲနိုင်လာတာဖြစ်ကာ တောင်တန်းဒေသတွေမှာသာမက မြေပြန့် မှာပါ အဲ့ဒီလိုထိုးစစ်တွေဆင်နွှဲနိုင်လာတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။
လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြောက်ကျားစစ်အဆင့်ကနေ အင်အားထောင်ချီပါဝင်တဲ့ ထုအင် အားနဲ့ စုစည်းတိုက်ခိုက်မှု၊ကျယ်ပြန့်တဲ့နယ်မြေတွေတလျှောက် စစ်ဆင်ရေးတွေချိတ်ဆက်ဖော်ဆောင်နိင်မှု၊ စစ် အင်အားထောင်ချီကိုရွှေ့ပြောင်းစစ်ဆင်နိုင်မှု၊ခံစစ်သေတွေကို ချေမှုန်းရှင်းလင်းနိုင်မှု စတဲ့စစ်ရေးစွမ်းရည်တိုး တက်မှုတွေရှိနေပြီလို့လည်းကြွေးကြော်ပါတယ်။
လက်ရှိနိုင်ငံတဝန်းမှာ NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ရှစ်မြို့ရှိပြီး ခါမ်းပတ်၊ရွှေပြည်အေး၊မော်လူး၊မြို့သစ်၊စဉ့်ကူး၊တကောင်း၊သပိတ်ကျင်း ၊ပင်လည်ဘူးမြို့တွေဖြစ် ပါတယ်။
ဒါ့အပြင် စစ်ကိုင်း၊မကွေး၊မန္တလေး၊ပဲခူးနဲ့ တနင်္သာရီတိုင်းတို့က နောက်ထပ် မြို့ပေါင်း ၆၇မြို့ကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေက တခြားတော်လှန်ရေးတပ်တွေနဲ့အတူ ဝန်းရံ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ NUG ကဆိုပါတယ်။
နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့ ၉၅မြို့(၄၈မြို့နယ်)သာ ရှိနေပေမဲ့ စုစုပေါင်း ၁၄၄မြို့နယ်လောက်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်လှုပ်ရှားမှုနဲ့ အုပ်ချုပ်ရေး အာဏာကို ပိတ်ဆို့ကန့်သတ်ထားနိုင်တဲ့အခြေအနေလို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။
အလားတူ နောက်ထပ် မြို့နယ် ၇၉ခုမှာလည်း တော်လှန်စစ်တွေဖြစ်နေတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။