
ဒီဇင်ဘာ၊ ၂၉
နိုင်ငံတဝှမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် တာဝန်ပေးခံရသူပါ တော်လှန်ရေး တပ်တွေဆီလက်နက်ချတာ၊ အလင်းဝင်းတာတွေဆက်တိုက် ရှိနေချိန် အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင်က စစ်မှုထမ်းသင်တန်းသားတွေကိုလိုက်လံတွေ့ဆုံကာ စစ်တပ်အပေါ် သစ္စာရှိဖို့ စည်းရုံးပြောဆိုပါတယ်။
နိုင်ငံတော်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင် ထန်းသိမ်းနိုင်တာ ဟာ ကျစ်လစ်ခိုင်မာအင်အားတောင့်တင်းတဲ့ တပ်မတော်တရပ်ရှိနေလို့သာဖြစ်တယ်လို့ အင်းတိုင်းတပ်နယ် နယ်မြေခံသင်တန်းကျောင်းတွေက စစ်မှုထမ်သင်တန်းသားတွေနဲ့ မနေ့က တွေ့ဆုံချိန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ဝင်အချင်းချင်းအပေါ်မှာလည်း သေအတူ၊ရှင်မကွာ၊သာအတူ နာအတူ စိတ်ထားပြီး ရဲဘော်စိတ်ထားဖို့လိုတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ ပြည်တွင်း၊ ပြည်ပကနေ တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားရေး ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်လို့ တပ်တွင်းစည်းလုံးရေးဟာ အသက်တမျှအရေးကြီးနေချိန်လို့လည်း ဆိုပါတယ်။
once a soldier, always a soldier ဆိုတဲ့စကားရပ်နဲ့အညီ တကြိမ်စစ်သားဖြစ်ပြီးရင် အမြဲတမ်းစစ်သားဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်တွေ ခံယူထားရမှာဖြစ်ပြီး ဒါဟာ တပ်မတော်သားတွေရဲ့မွန်မြတ်တဲ့ ခံယူချက်စိတ်ထားဖြစ်တယ် လို့ အာဏာသိမ်းမှုကြောင့် တပ်ဖွဲ့ဝင်ဟောင်းတွေကပါ တော်လှန်ရေးတပ်သားတွေအဖြစ် ပြန်လည်တော်လှန်မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ် ဒုခေါင်းဆောင်က ပြောပါတယ်။
၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းတော်လှန်ရေးလှုပ်ရှားမှုတွေ၊စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင် တွေအပါအဝင် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကပါ CDM လှုပ်ရှားမှုမှာအလူံးအရင်းပါဝင်ခဲ့ကြချိန်က လည်း စစ်ခေါင်းဆောင်တွေက တပ်ရင်း၊ဌာနချုပ်တွေကိုနယ်လှည့်သွားရောက်ကာ တပ်တွင်းစည်းလုံးရေး အလေး ထားဖို့ စည်းရုံးတိုက်တွန်းခဲ့ဖူးပါတယ်။
အခုနှစ်ဆန်းမှာ ဥပဒေစတင်အသက်သွင်းပြီး နှစ်လယ်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော် လူစုဆောင်းမှုတွေ လုပ်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းသားတွေကိုတော့ စစ်ခေါင်းဆောင်နှစ်ဦးထဲကတဦး အခုလို လိုက်လံတွေ့ဆုံစည်းရုံး တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် တပ်ရင်း/တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေသူတွေထဲက တချို့ဟာ ပေး အပ်တဲ့တာဝန်တွေကို ထူးချွန်စွာ ထမ်းဆောင်နိုင်တာကြောင့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ရ သူတွေ ရှိလာတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မနေ့က ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် နိုင်ငံတဝှမ်းခုခံတော်လှန်မှုတွေနဲ့ကြုံရကာ စစ်ရေးရှုံးနိမ့်မှုတွေဆက်တိုက်ကြုံရချိန်မှာ စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီး နည်းမျိုးစုံနဲ့ လူစုဆောင်းမှုတွေလုပ်နေတာကြောင့် ဝေဖန်ခံနေရပေမဲ့ စစ် ကောင်စီဒုခေါင်းဆောင်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံတကာမှာလည်း ကျင့်သုံးနေတဲ့ ဥပဒေတရပ်လို့ ကာကွယ်ပြောဆိုပါတယ်။
အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် မနေ့က အင်းတိုင်တပ်နယ်က စစ်မှုထမ်းသင်တန်းသားတွေနဲ့တွေ့ဆုံခဲ့သလို ဒီဇင်ဘာ ၂၇ရက်ကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့က နယ်မြေခံသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းသားတွေ ဆီ အလားတူသွားရောက်တွေ့ဆုံ စည်းရုံးပြောဆိုခဲ့ပါသေးတယ်။
ပုသိမ်မြို့က စစ်မှုထမ်းသင်တန်းသားတွေနဲ့ တွေ့ဆုံချိန်မှာတော့ တပ်နဲ့ ရဲဘော်အချင်းချင်းအပေါ် သစ္စာရှိဖို့အပြင် စစ်ရေးသတိရှိဖို့၊အမြဲတမ်းတိုက်ပွဲဝင်အနေအထားအသင့်ဖြစ်နေဖို့ ဆိုတဲ့အချက်တွေကိုပါ သူကထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဒုခေါင်းဆောင်တွေက တပ်တွင်းစည်းရုံးရေးအလေးထားဖို့ အဲ့ဒီလိုတိုက်တွန်းပြောဆိုနေချိန် မနေ့ညကပဲ အာရက္ခတပ်တော်နဲ့စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့ဘက် အင်အားဖြည့်ဖို့စေလွှတ်ခံရတဲ့ စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးကြတာကြောင့် ဂွမြို့တဘက်ကမ်း မကျေးငူ(မကျီးငူ)ရွာ အနီးမှာ အချင်း ချင်းပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DNAကိုပြောထားပါတယ်။