ကျောက်ထုအမြောက်တပ်ကို စစ်ကောင်စီလေကြောင်းကနေ အင်အားဖြည့်၊ ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ဒီဇင်ဘာ ၊ ၂၇

ချင်းပြည်နယ်မင်းတပ်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် မင်းတပ်မြို့နဲ့ ဆယ်မိုင်ဝန်း ကျင်သာဝေးတဲ့ မကွေးတိုင်း ကျောက်ထုမြိုအခြေစိုက် အမြောက်တပ်ကို စစ်ကောင်စီက လေကြောင်းကတဆင့် အင်အားဖြည့်တင်းမှုတွေလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဆောမြို့နယ် ကျောက်ထုမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ ၃၆၈ တပ်ထဲကို ဒီကနေ့ညနေပိုင်းမှာ MI-17 ရဟတ်ယာဉ်နှစ်စင်းနဲ့ ရိက္ခာ၊ခဲယမ်း တပ်အင်အားတွေပို့ခဲ့သလို အဲ့ဒီတပ်ထဲက တပ်မိသားစုဝင်တွေကို လည်းပြန်ခေါ်သွားတယ်လို့ ယောဒေသတွင်းနယ်မြေအခြေအနေတွေဖော်ပြနေတဲ့ ယောအလင်းတန်းက အသိပေး ထားပါတယ်။

MI-17 ထောက်ပို့ရဟတ်ယာဉ်နှစ်စင်း ကျောက်ထုလေယာဉ်ကွင်းမှာမဆင်းသက်မီ တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းက ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်တာ၊စက်သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်းလုပ်ခဲ့ပါသေး တယ်။

ဒီကနေ့ ကျောက်ထု ဒေသအတွင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်နေတာမရှိဘဲ ထောက်ပို့ရဟတ်ယာဉ်တွေဆင်းဖို့ လမ်း ကြောင်းရှင်းတဲ့အနေနဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ ယောဗျူဟာ တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

“တိုက်ပွဲမရှိဘူးဗျ ပုဇင်းဆင်းနိုင်ဖို့လမ်းကြောင်းရှင်းပေးတာလို့ ယူဆနေကြပါတယ်၊ပုဇင်းဆင်းပြီး လက်နက် ခဲ ယမ်း ချသွားခဲ့ပါပြီ”လို့ သူက ဒီကနေ့ညနေပိုင်းမှာပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းက ဗုံးကြဲတာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ကျောက်ထုတိုက်နယ်အတွင်းက ဒေသခံတချို့ထိခိုက်ဒဏ်ရာရတာ၊နေအိမ်အဆောက်အအုံပျက်စီးတာတွေရှိတယ်လို့ ကနဦးသိရပေမဲ့ အသေးစိတ် တော့ အတည်မပြုနိုင်သေးပါဘူး။

ချင်းပြည်နယ်နဲ့ မကွေးတိုင်းထိစပ်ဒေသဖြစ်တဲ့ မကွေးတိုင်းယောဒေသဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှား မှုအားကောင်းတဲ့ဒေသဖြစ်ပြီး ဒီကနေ့စစ်ကောင်စီရဟတ်ယာဉ်တွေဆင်းသက်ခဲ့တဲ့ ကျောက်ထုလေဆိပ်ဟာ ဒီဇင် ဘာ ၂၁ရက်မှာ ချင်းညီနောင်တပ်တွေသိမ်းပိုက်လိုက်တဲ့ မင်းတပ်မြို့နဲ့ ဆယ်မိုင်နီးပါးသာဝေးပါတယ်။

ဒါ့အပြင် ကျောက်ထု ဒေသအနီးတဝိုက်မှာ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေ အင်အားကောင်းတာကြောင့် ကျောက်ထုလေယာဉ်ကွင်းနဲ့ အမြောက်တပ်တို့တိုက်ခိုက်ခံရတာတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။

ကျောက်ထုမြို့လိုပဲ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ယောဒေသတွင်း မြို့နယ်တခုဖြစ်တဲ့ ဂန့်ဂေါမြို့နယ်မှာတော့ ဒီကနေ့ညနေသုံးနာရီလောက်က ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ကနေ မြစ်သာမြစ် အနောက်ဘက်ခြမ်းကို ၁၂၂မမ ဟောင်ဝပ်ဇာနဲ့ သုံးချက်ပစ်ခတ်ခဲ့တာကြောင့် ဇဟောရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး နှစ်ဦးသေဆုံးသွားပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေထဲကတလုံးဟာ ဂန့်ဂေါမြို့နဲ့ မြစ်သာမြစ်သာခြားတဲ့ ဇဟောရွာထဲက နေအိမ်တအိမ်ပေါ်ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ထဲရှိနေတဲ့ အသက် ၇ကျော်အရွယ် ဒေါ်သာစီနဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် မမီးဝေတို့နှစ်ဦးနေရာမှာတင်သေဆုံးခဲ့တာလို့ ယောအလင်းတန်းက ဖော်ပြပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အဲ့ဒီနေအိမ်လည်း ပျက်စီးခဲ့ပြီး နောက်ထပ်လက်နက်ကြီး ကျည် နှစ်လုံးကတော့ လယ်ကွင်းပြင်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီက မြို့ပေါ်မှာသာ အခြေစိုက်စိုးမိုးထားနိုင်ပြီး မြို့အနီးတဝိုက်ကို နယ်လှည့်စစ်ကြောင်းထိုးလေ့ရှိတဲ့ ဂန့်ဂေါမှာ ခလရ ၅၀က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ မကြာမကြာ ထိခိုက်သေဆုံးလေ့ ရှိပါတယ်။