ဂျပန်မှာ ရေကြီး၊မြေပြိုလို့ သေဆုံးသူ အယောက်၂၀ထက်မနည်း ရှိလာ

၅ ၊ဇူလိုင်လ ၊ ၂၀၂၀ ။

ဂျပန်နိုင်ငံတောင်ပိုင်းမှာ စံချိန်တင်မိုးရွာသွန်းပြီး ရေကြီး၊ မြေပြိုလို့ သေဆုံးသူ အယောက် ၂၀ထက်မနည်း ရှိလာပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူအများစုကတော့ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။

သောကြာနေ့ ညနေပိုင်းကတည်းက စနေနေ့အထိ အဆက်အပြတ်မိုးရွာပြီးနောက် ကူမာမိုတိုနဲ့ ကာဂိုရှီမာ စီရင်စုက ဒေသခံ ခုနှစ်သောင်းခွဲကျော်ကို ဘေးလွတ်ရာ ရွေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့တာပါ။

လက်ရှိမှာတော့ ကူမာမိုတို ဒေသမှာ အင်အား တစ်သောင်းကျော် ပါဝင်တဲ့ ကာကွယ်ရေး စစ်သားတွေ၊ ကမ်းခြေစောင့်တပ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အပြင် ကယ်ဆယ်ရေး ရဟတ်ယာဥ်တွေ အသုံးပြုပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပြီး လျှပ်စစ်နဲ့ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေဆဲပါပဲ။

ကူမာမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ တစ်တားတစ်စင်းဟာ ရေစီးနဲ့အတူ မြောပါသွားပြီး နေအိမ်အဆောက်အအုံတွေဟာလည်း ခေါင်မိုးအထိ ရေနစ်မြုပ်နေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ရာသီဥတုခန့်မှန်းချက်အရ တနင်္ဂနွေညအထိ မိုးသည်းထန်နိုင်ပြီး မြေပြိုနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားတာကြောင့် ဒေသခံတွေအနေနဲ့ သတိကြီးကြီးထားကြဖို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တိုက်တွန်းထားပါတယ်။

Ref : AFP
Photo Credit : AFP/AP