ပုသိမ်ကွာရန်တင်းစင်တာမှာ ထိုင်းပြန်တစ်ဦး ဆွဲကြိုးချသေဆုံး

၄ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

ပုသိမ်မြို့က ကွာရန်တင်းစင်တာတစ်ခုမှာ မနေ့ညက ထိုင်းပြန်တစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၃ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ နိုင်ငံခြားပြန်တွေကို ကွာရန်တင်းထားရှိတဲ့ ပုသိမ်အမှတ်၁၃ရပ်ကွက်၊ ဧရာ၀တီတိုင်းသမဝါယမသင်တန်းကျောင်းက အိမ်သာထဲမှာ အခုလိုသေဆုံးခဲ့တာပါ။

သေဆုံးသူဟာ ဇွန်လ ၂၅ရက်နေ့က ထိုင်းနိုင်ငံကပြန်လာတဲ့ အသက် (၂၇)နှစ်အရွယ်အမျိုးသား ဖြစ်ပြီး မြန်အောင်မြို့မှာ နေထိုင်သူလို့သိရပါတယ်။

အိမ်သာထုတ်တန်းမှာ ပလစ်စတစ်ကြိုးနဲ့ ချည်ပြီး ကြိုးဆွဲချသေဆုံးခဲ့တာကို တွေ့ရတယ်လို့ သွားရောက်စစ်ဆေးတဲ့ ပုသိမ်မြို့မရဲစခန်းက တာ၀န်ကျရဲအရာရှိက ကနဦးသုံးသပ်ချက်ကို ပြောပါတယ်။

သေဆုံးသူဟာ ကွာရန်တင်းစတင်၀င်နေစဥ်ကတည်းက တစ်ဦးထဲ သီးသန့်နေထိုင်တတ်သူဖြစ်ပြီး ဆွဲကြိုးချသေဆုံးတဲ့ အခြေအနေကို သူ့အခန်းဖော်က ပြောပြမှသိရှိခဲ့တာလို့ စေတနာ့၀န်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ ပုသိမ်ခရိုင်ကြက်ခြေနီဒုခရိုင်တပ်ဖွဲ့မှုး ဦးထွန်းထွန်း၀င်းကပြောပါတယ်။

လက်ရှိမှာတော့သေဆုံးသူရဲ့ ရုပ်အလောင်းကိုပုသိမ်ဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၇) ရက်နေ့ကလလည်း ပုသိမ်ဆေးရုံကြီးမှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြန်အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။