ပုသိမ်မြို့က အုပ်စုဖွဲ့ လုယက်သူတွေကို မိပြီ

၃ ၊ ဇူလိုင် ၊ ၂၀၂၀ ။

ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ အုပ်စုဖွဲ့
လုယက်မှုတွေနဲ့အတူ ခိုးမှု( ၁၃)မှု ကျူးလွန်ထားတဲ့ လူငယ်(၉)ဦးပါအဖွဲ့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားတယ်လို့ ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူးမြင့်ခင်က ပြောပါတယ်။

ကျူးလွန်သူတွေဟာ ပုသိမ်မြို့ က ကန်သုံးဆင့်ဟစ်တိုင် သဲကွင်း၊ အထည်ချုပ်စက်ရုံလမ်းနဲ့ မြကျွန်းသာအိမ်ယာတွေလိုလူပြတ်တဲ့နေရာတွေမှာ ချိန်းတွေ့တဲ့ စုံတွဲတွေကို အုပ်စုဖွဲ့လုယက်မှုကျူးလွန်ခဲ့ကြပြီး ပုသိမ်မြို့ပေါ်မှာလည်း ဆိုင်ကယ်နဲ့ ဖုန်းတွေခိုးယူ ခဲ့ကြတယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးက အတည်ပြုခဲ့ပါတယ်။

ဇွန်လ (၂၃)ရက်နေ့ညက အထည်ချုပ်စက်ရုံလမ်းကြားမှာစုံတွဲတစ်တွဲကိုလူငယ်(၃)ဦးက ကပ်ကြေးနဲ့ထိုးပြီး ဖုန်းနဲ့ဆိုင်ကယ်လုယူနေစဥ်မှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ထွက်ပြေးကြရာက ကျန်ခဲ့တဲ့ ဆိုင်ကယ်နဲ့ ယဥ်မောင်းလိုင်စင်ကနေတဆင့် စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်သူတရားခံတွေဟာ လူငယ်အများစုပါ၀င်ပြီး အဲ့ဒီအထဲမှာ အသက်(၁၈) နှစ်စ်မပြည့်သေးသူ( ၂)ဦးပါ၀င်နေတယ်လို့ပုသိမ်မြို့မရဲစခန်း စခန်းမှုးဒုရဲမှုး မြင့်ခင်ကပြောပါတယ်။
“လုယက်ခိုးမှု (၁၃ )မှု မှာပုသိမ်မြို့မစခန်းအပိုင်မှာ(၁၁)မှု နယ်မြေစခန်းအပိုင်မှာ(၂)မှု ကျူးလွန် ခဲ့တယ်လို့စစ်ဆေးတွေ့ရှိရပါတယ်။ ကျူးလွန်သူတွေဆီက ဖုန်း(၁၇)လုံးနဲ့ ဆိုင်ကယ်(၂)စီးကို သိမ်းဆည်းရမိထားပါတယ်”လို့သူကပြောပါတယ်။

ပြစ်မူကျူးလွန်သူတွေထဲမှာ အရင်က
ပြစ်ချက်ဟောင်းရှိသူ တွေပါ၀င်ပြီး
သူတို့ကိုထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် လုယက်ခံရသူတွေဟာ ရဲစခန်းမှာလာရောက်အမှုဖွင့်တိုင်ကြားဖို့လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

“ခုလုယက်မှုတွေမှာ ပိုင်ရှင်တွေက အမှု လာဖွင့်ဖို့လိုတယ် ဒီလိုမဟုတ်ရင်တော့သူတို့ကို ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ(၃၆)နဲ့သာတရားစွဲရမှာဖြစ်တော့ ပြစ်ဒဏ်နည်းတာပေါ့ “လို့ ပုသိမ်မြို့မစခန်းမှုးဒုရဲမှုးမြင့်ခင်ကသုံးသပ်ပါတယ်။

လက်ရှိမှာတော့ လုယက်မှုနဲ့ခိုးမှု ကျုးလွန်ထားတဲ့လူငယ် (၉)ဦးကို ပုသိမ်မြို့မရဲစခန်းက(ပ)၂၉/၂၀၂၀ရာဇသတ်ကြီးပုဒ်မ၃၉၄/၁၁၄နဲ့အမှုဖွင့်ထားပြီး ပုသိမ်နယ်မြေရဲစခန်းကလည်း (ပ)၂၈၄/၂၀၂၀ရာဇသတ်ကြီးပုဒ်မ (၃၇၉)နဲ့ အမှုဖွင့်ထားကာ အခြားအမှုတွေ ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးနေတယ်လို့သိရပါတယ်။