မြို့နယ်သုံးခုသာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့တဲ့ ရခိုင်ပြည်နယ်

Photo – DNA

ဒီဇင်ဘာ၊ ၂၂

တကျော့ပြန်စစ်ပွဲ တနှစ်စွန်းစွန်းကာလမှာအာရက္ခတပ်တော်( AA)က ရခိုင်ပြည်နယ် ၁၇မြို့နယ်အနက် ၁၃မြို့နယ်ကို သိမ်းပိုက်ထားပြီး ဂွမြို့နယ်ကိုလည်း သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

မနှစ်က နိုဝင်ဘာလက စတင်ခဲ့တဲ့ ရခိုင်ထိုးစစ်အတွင်း AAက ရခိုင့်ပြည်နယ်ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊မောင်တောနဲ့အမ်းမြို့နယ်တို့ကို

သိမ်းပိုက်ခဲ့တာပါ။(ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ပါသိမ်းပိုက်ထား)

 ဒါ့အပြင် လတ်တလောမှာလည်း ရခိုင်နဲ့ဧရာဝတီအစပ် ဂွမြို့ကို အပြင်းအထန်ထိုးစစ်ဆင်နေပြီး နယ်မြေအများစုကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ရခိုင်တောင်ပိုင်းက တခုတည်းသာကျန်တော့တဲ့ဂွမြို့နယ်ကို လက်မလွတ်ရဖို့ စစ်ကောင်စီက စစ်ကူဖြည့်တင်းပြီး ခုခံနေပေမယ့်လည်း မကြာခင် AAက သိမ်းပိုက်နိုင်တော့မယ့် အနေအထားလို့လည်း ဒေသတွင်း စစ်ရေးစောင့်ကြည့်သူတွေက ခန့်မှန်းကြပါတယ်။

ဒါကြောင့်မလို့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တာ မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့သာကျန်ရှိတော့တာလည်းဖြစ်ပါတယ်။

အဲဒီလက်ကျန် သုံးမြို့နယ်ရဲ့ အနေအထားကို သုံးသပ်ကြည့်ရင် အခုလို မြင်တွေ့နိုင်ပါတယ်။

မြို့တော်စစ်တွေ

ဒေသကွပ်ကဲမူစစ်ဌာနချုပ်(ဒကစ)အခြေစိုက် မြို့တော်စစ်တွေက ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ တခုတည်းသောမြို့ဖြစ်ပါတယ်။  

ဒါပေမယ့် AAက စစ်တွေမြို့နယ်ရဲ့ ကျေးလက်နယ်မြေအများစုကို ထိန်းချုပ်ထားပြီး စစ်ကောင်စီက မြို့ပေါ်လောက်သာ စိုးမိုးထားနိုင်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီက စစ်တွေမြို့ကို သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာရံထားပြီး မိုင်းတွေထောင်ကာ ခံစစ်ပြင်ထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြို့ဝန်းကျင်ကျေးရွာတွေကို မြို့ထဲအတင်းအကျပ် ရွှေ့ပြောင်းထားပြီး လူသားဒိုင်းလုပ်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေပြောပါတယ်။

ဂွမြို့ကျသွားရင် AAရဲ့ထိုးစစ်က မြို့တော်စစ်တွေဖြစ်လာနိုင်လို့ စစ်ကောင်စီဖက်က လုံခြုံရေးတင်းကျပ်ထားပြီး ခုခံစစ်ပြင်ဆင်နေတာဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တဦးကတော့ စစ်တွေအနေအထားကို အခုလိုသုံးသပ်ပြောပါတယ်။

“စစ်တွေကိုတော့ တပ်တော်ကသိမ်းကိုသိမ်းမယ့်အနေအထား၊ မြို့တော်လည်းဖြစ်တယ်၊ တိုက်ရင်လည်းရမယ့်အခြေအနေ၊အခုတောင်ဝိုင်းပိတ်ဆို့ထားနိုင်တာ”

တရုတ်စီမံကိန်းတွေရှိတဲ့ကျောက်ဖြူ

  တရုတ်နိုင်ငံရဲ့ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံမူတွေရှိတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း AAက ကျေးလက်နယ်မြေအများစုကို ထိန်းချုပ်ထားတာပါ။

ကျောက်ဖြူမြို့က တရုတ်ရဲ့ ရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ရှိပြီး  ကူမင်းမြို့ကို သွယ်တန်းနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေစတင်တဲ့နေရာ ဖြစ်ပါတယ်။

ဒါ့အပြင်ကျောက်ဖြူမြို့မှာ စစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာ ရေဒါစခန်းနဲ့ ဓညဝတီ ရေတပ်စခန်းလည်း ရှိနေလို့ အရေးပါတဲ့အချက်အခြာနေရာတခုလို့ဆိုနိုင်ပါတယ်။

ကျောက်ဖြူကို လက်လွတ်ရရင်တော့ အာဏာသိမ်းစစ်ကောင်စီက စစ်ရေး၊သံတမန်ရေးနဲ့ စီးပွားရေးအရပါ အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒါကြောင့် ကျောက်ဖြူဒေသအနေအထားနဲ့ပတ်သတ်လို့တရုတ် အနေနဲ့သူ့အကျိုးစီးပွားတွေကာကွယ်ဖို့ စစ်ကောင်စီနဲ့ AAနှစ်ဖက်လုံးကို ဖိအားပေးလာဖွယ်ရှိတယ်လို့လည်းခန့်မှန်းထားကြပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ DNAကို အခုလိုမှတ်ချက်ပြုထားပါတယ်။

“တရုတ်အကျိုးစီးပွားရှိတဲ့ ကျောက်ဖြူတို့၊ ပြည်နယ်မြို့တော် စစ်တွေတို့ကိုတော့ ဘယ်လိုဗျူဟာနဲ့ တိုက်မလဲ၊ ဘယ်လိုပုံစံ ဝိုင်းပတ်ပိတ်ဆို့ပြီးတော့ မြို့မနာအောင်၊ ပြည်သူတွေ မနာအောင် ဗျူဟာမြောက်တိုက်နိုင်ဖို့ အချိန်နည်းနည်းတော့ ယူမယ်လို့တော့ ယူဆပါတယ်။”

 ကျွန်းမြို့နယ်မာန်အောင်

ကျွန်းမြို့တခုဖြစ်တဲ့ မာန်အောင်မြို့နယ်ကိုတော့ AAက အချိန်မရွေးဝင်သိမ်းပိုက်နိုင်တဲ့အနေအထားလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။

မာန်အောင်ကို သိမ်းမသိမ်းက စစ်တွေနဲ့ကျောက်ဖြူအနေအထားပေါ်မူတည်နေတယ်လို့လည်း သတင်းရင်းမြစ်တဦးကပြောပါတယ်။ 

“မာန်အောင်ကတိုက်ရင်ရတယ်၊ အဓိကကကျောက်ဖြူကိုဘယ်လိုလုပ်မလဲကြည့်ရမှာ”လို့သူကဆိုပါတယ်။

အချုပ်ဆိုရရင်တော့ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ ခြောက်ပုံတပုံလောက်သာ ထိန်းချုပ်ထားနိုင်တော့ပြီး လက်ကျန်မြို့တွေအနေအထားက AAအပေါ်မူတည်နေပြီလို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။