ဒီဇင်ဘာ ၁၃
အာရက္ခတပ်တော်(AA)က အပြင်းအထန်ထိုးစစ်ဆင်နေပြီး တောင်ကုတ်မြို့နယ်က စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းတွေဖြစ်တဲ့ အမှတ်-၅ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ-၅နဲ့ တပ်စခန်းတချို့ကို မကြာခင် သိမ်းပိုက်နိုင်တော့မှာဖြစ်ပြီး မြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
AAက ပိတ်ဆို့တိုက်ခိုက်နေတဲ့ စကခ-၅ ဌာနချုပ်အနေနဲ့ အလံဖြူထောင်လက်နက်ချဖို့ ညှိနှိုင်းနေတာတွေရှိပြီး အထိနာနေကြတယ်လို့ အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။
“သေချာတာကမကြာဘူး တောင်ကုတ်ရပြီ”လို့သူကဆက်ပြောပါတယ်။
ဒါ့အပြင် စကခ -၅ တပ်မှူးကလည်း တိမ်းရှောင်သွားပြီး လက်ကျန်တပ်စခန်းနှစ်ခုကို AAက သိမ်းပိုက်ထားပြီလို့ စစ်ရေးသတင်းရင်းမြစ်နှစ်ဦးကပြောပေမယ့် DNAက သီးသန့်အတည်မပြုနိုင်သေးပါဘူး။
စကခ-၅အခြေစိုက် တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့နိုဝင်ဘာလ (၄) ရက်ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးသိမ်းပိုက်ရရှိခဲ့ကာတောင်ကုတ်မြို့တစ်ခုလုံးကိုနိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ AA နိုဝင်ဘာ ၂၈ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီတောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့စကခ (၅) တပ်မဌာနချုပ် နဲ့ လက်အောက်ခံ ခမရ (၃၄၆) ၊ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတွေကို တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။
လတ်တလော စကခ-၅ အပါအဝင် တေယင်ကုတ်တိုက်ပွဲအခြေအနေနဲ. ပတ်သတ်ပြီး AAက ထပ်မံထုတ်ပြန်တာမရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စကခလို့ခေါ်တဲ့စစ်ဆင်ရေးကွပ်ကဲမူဌါနချုပ် သုံးခုရှိပြီး ကျောက်တော်နဲ့ဘူးသီးတောင်အခြေစိုက်စကခတွေကို AAကသိမ်းပိုက်ထားတာပါ။ အခုတောင်ကုတ်အခြေစိုက် စကခ-၅သာလက်လွတ်ရရင်တော့ စစ်ကောင်စီက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်တွေက ဒေသကွပ်ကဲမူစစ်ဌါနချုပ်(ဒကစ)တို့သာ အဓိကကွပ်ကဲရေးဌာနချုပ်လောက်ကျန်ရှိတော့မှာဖြစ်ပါတယ်။
နပခဌာနချုပ်ကိုလည်း AAက ကိုးဆယ်ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက အလုံးစုံလက်လွတ်ထားရတဲ့ အနေအထားလို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းအစပ် တောင်ကုတ်မြို့သာလက်လွတ်ရရင်တော့ AAက ပြည်မဒေသတော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်နိုင်ဖို့လမ်းပွင့်သွားပြီလို့ဆိုနိုင်ပါတယ်။
တောင်ကုတ်နဲ့ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့က မိုင်တရာစွန်းစွန်းသာကွာဝေးတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ AAကထိုးစစ် တနှစ်တာကာလလောက်အတွင်း ရခိုင်ပြည်နယ်၁၇မြို့နယ်မှာ ၁၁မြို့နယ်နဲ့ ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။