အောက်တိုဘာ၊ ၁၈
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက တော်လှန်ရေးလှုပ်ရှားမှုအားကောင်းရာဒေသတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တပတ်ဝန်းကျင်ကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက မြင်းခြံမြို့တောင်ဘက် မြင်းခြံ-တောင်သာ လမ်းမအနီးတဝိုက်က ကွမ်းစိုက်၊ ကူရွာ၊ ခြေဆေးရွာတွေဘက်နဲ့ မြင်းခြံမြိုအရှေ့ဘက် မန္တလေး-မြင်းခြံလမ်းအနီးတဝိုက် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ်။
အဲ့ဒီလိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ နိုဝင်ဘာ ၁၁ရက်ကနေ ၁၃ရက်အထိသုံးရက်ဆက် တိုက်ပွဲ ဖြစ်ခဲ့သလို တရက်သာရပ်နားပြီး နိုဝင်ဘာ ၁၆ရက်ကနေ ဒီကနေ့အထိ တိုက်ပွဲတွေပြန်ဖြစ်နေဆဲပဲလို့ မြင်းခြံ ခရိုင် အမှတ်(၉) PDF တပ်ရင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက DNAကို ပြောပါတယ်။
“ခြောက်ရက်ရှိပြီ လောလောဆယ် အနေအထားအသေးစိတ်ကိုတော့ မသိရသေးဘူး၊ မနေ့ကအထိတော့ တိုက်ပွဲ တော်တော်လေးပြင်းထန်နေတယ်”လို့ သူကပြောပါတယ်။
Myingyan Black Tiger(MBT)တပ်ဖွဲ့ရဲ့ စစ်ကြောင်း(၃)လှုပ်ရှားရာ နယ်မြေထဲ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်တွေနဲ့ နိုဝင်ဘာ ၁၁ရက်ကနေ ၁၃ရက်အထိ သုံးရက်ကြာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ဦး ထက်မနည်းသေဆုံးကာ MBT တပ်ဖွဲ့ဝင်တဦးဒဏ်ရာရခဲ့တယ်လို့ MBT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းနှစ်စီးကိုပစ်ချနိုင်ခဲ့သလို တစီးကိုတော့သိမ်းပိုက်နိုင်ခဲ့ပြီးစစ် ကောင်စီက သေဆုံးဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ကားတွေနဲ့ မြင်းခြံဆေးရုံဘက်သယ်သွားကာဒဏ်ရာရ ပျူစောထီး နှစ်ဦးကိုတော့ မိတ္ထီလာဆေးရုံဆီသယ်သွားတယ်လို့ ဆိုပါတယ်။
သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ခဲယမ်းပြတ်တောက် လာတာကြောင့် ပထမခံစစ်စည်းဖြစ်တဲ့ ကွမ်းစိုက်ရွာကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း MBT တပ်ဖွဲ့က အသိ ပေးထားပါတယ်။
အဲ့ဒီအတောအတွင်း စစ်ကောင်စီက ကူရွာကျေးရွာဒေသခံ သုံးဦးနဲ့ကွမ်းစိုက်ရွာဒေသခံတဦးတို့ကို သတ်ဖြတ်ခဲ့သလို နေအိမ်မီးရှို့မှုတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကူရွာ၊ ကွမ်းစိုက်နဲ့ခြေဆေးရွာတို့ဟာ မြင်းခြံမြို့နယ် တောင်ဘက် မြင်းခြံ-တောင်သာလမ်းအနီးတလျှောက်ကကျေးရွာတွေဖြစ်ပါတယ်။
နောက်ထပ် မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ MTGF (Myingyan Twenty one Guerilla Force)ကတော့ နိုဝင်ဘာ ၁၅ရက်က သဲတောကျေး ရွာမှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
သဲတောကျေးရွာဟာ မြင်းခြံမြို့အရှေ့ဘက် လေးမိုင်ဝန်းကျင်အကွာ မြင်းခြံ-မန္တလေးလမ်းအနီးက ရွာတရွာပါ။ စစ်ကောင်စီတပ်တွေက သဲတောရွာထဲ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စု ဘက် က ခုနစ်ဦးသေဆုံးကာ မြင်းခြံခရိုင်တပ်ရင်း (၂)တပ်ခွဲ(၁)က တပ်စိတ်မှူး အဆင့်ရှိတဲ့ ရဲဘောဖော်ကာ ကျဆုံးခဲ့တယ် လို့ MTGF တပ်ဖွဲ့က အသိပေးထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေလည်းရှိပြီး သူတို့ကိုတော့ ကားနှစ်စီးနဲ့ဆေးရုံသယ်သွားတယ် လို့ MTGF ကဆိုပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ရာ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့အတည်မပြုနိုင်သေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့တဆက်တည်းမှာ ပေါ်ပေါက်လာတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မြင်းခြံခရိုင်ထဲမှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့နောက် တော်လှန်ရေးတပ်တွေက မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် စစ်ကောင်စီကိုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေပါသုံးပြီး တော်လှန်ရေးတပ်တွေကို တိုက်ခိုက်တာ၊ ကျေးရွာတွေဘက် စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတာပါ။