Photo – Tayzar San Facebook
အောက်တိုဘာ ၊ ၂၆
စစ်ကောင်စီလုံခြုံရေးတွေတင်းကျပ်တဲ့ မန္တလေးမြို့လယ်မှာ အခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ မန္တလေးမြို့က သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာစန်းကပြောပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေ၊ကျွန်တော်တို့ ရွှေမန်းသူ၊ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်း လောက်အောင်ထက်သန်ဆဲ၊ပြင်းပြဆဲဗျို့”လို့ စစ်ကောင်စီလုံခြုံရေးတွေကို အကြိမ်ကြိမ်ဖောက်ထွက်ပြီးမန်းမြို့ထဲ လူထုလှုပ်ရှားမှုတွေ လုပ်ပြခဲ့တဲ့ ကိုတေဇာစန်းကဆိုပါတယ်။
မန္တလေးမြို့တွင်း နေရာတချို့မှာ ကိုတေဇာစန်းနဲ့အတူ လူထုသပိတ်အင်အားစုဝင်တွေက အာဏာသိမ်းစစ် ကောင်စီဆန့်ကျင်ရေး၊အကြမ်းဖက်စစ်အုပ်စုကို လက်မခံကြောင်းပြသတဲ့ “ဘူး”သပိတ်လှုပ်ရှားမှုမှာ ပြည်သူ တွေပူးပေါင်းပါဝင်ရေးကြွေးကြော်ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။
“စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊လူထုအုံကြွမှု၊အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက် ညီညီဖော်ဆောင်နိုင်ဖို့အထူးလိုအပ်ပါတယ်”လို့ သပိတ်လှုပ်ရှားမှုတွေ ဖော်ဆောင်နေတာနဲ့ပတ်သက်လို့ ကိုတေဇာစန်းက ရှင်းပြထားပါတယ်။
အာဏာသိမ်းမှုကိုအစောဆုံးဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်သလို စစ်ကောင်စီဘက်က အလို ရှိနေတာကြောင့် လုံခြုံရေးအရ တိမ်းရှောင်နေရတဲ့ ကိုတေဇာစန်းဟာ မန္တလေးမြို့အနီးတဝိုက် တိုက်ပွဲတွေဖြစ် လာချိန် မြို့တွင်းအထိပြန်လည်ဝင်ရောက်ကာ လူထုသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်ပြုလုပ်နေတာပါ။