Photo – Dr Nay Soe Maung Facebook
ပုံစာ- ဒေါက်တာနေစိုးမောင်(ဝဲ) ကို ဖခင်ဖြစ်သူ ဗိုလ်ချုပ်ဟောင်းတင်စိန် ၊သားဖြစ်သူ နေရွှေသွေးအောင်တို့နဲ့အတူတွေ့ရစဉ်
အောက်တိုဘာ ၊ ၂၅
၂၀၂၁အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားဖို့ စစ်အုပ်စုလော်ဘီတွေ အစဉ်တစိုက် လှုံ့ဆော်တိုက်တွန်းတာခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်ကို လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ထားပြီလို့ စစ်ကောင်စီက အတည်ပြု ထုတ်ပြန်လာပါတယ်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ဟာ တည်ငြိမ်အေးချမ်းရေး ပျက်ပြား အောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်၊ဝါဒဖြန့်မှုတွေ လုပ်နေခဲ့တာကြောင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လိုက်တာလို့ စစ်ကောင်စီက ထုတ်ပြန်တာပါ။
ရဲစခန်းမှာ အောက်တိုဘာ ၂၃ရက်ညနေပိုင်းက အမှုဖွင့်လိုက်တာလို့ ဖော်ပြပေမယ့် သူ့ကို ဘယ်နေ့က စတင်ဖမ်းဆီးပြီး ဘယ်လိုပုဒ်မတွေတပ် အမှုဖွင့်ထားတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်း မဖော်ပြထားပါဘူး။
အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ အစဉ်တစိုက်ထုတ်ဖော်ရေးသားလေ့ရှိတဲ့ ဒေါက်တာနေစိုးမောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဈာပနကာလ ကတည်းက ဖမ်းဆီးခံခဲ့ရတာလို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။
ဒေါက်တာနေစိုးမောင်ဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်ပေမယ့် NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို ထောက်ခံကြောင်း၊ရွေးကောက်ပွဲတွေမှာ NLD ပါတီကို မဲပေးခဲ့ကြောင်း လူသိရှင် ကြားထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။
အခုလို ဖမ်းဆီးမခံရခင်ကတော့ ဒေါက်တာနေစိုးမောင်က ကွယ်လွန်သွားတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ပတ်သက်ပြီး လေးစားရသူတဦးဖြစ်တဲ့အကြောင်း မန္တလေးမြို့ တိုးတက်လာစေရေး ဆောင်ရွက်ချက်တွေကို လေးစားရကြောင်း၊ဂါဝရပြုနှုတ်ဆက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။
“ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်…. ဆရာ မြင့်မြတ်သောဘုံမှာ စံစားနိုင်ပါစေ”လို့ ဒေါက်တာဇော်မြင့်မောင်နဲ့ပတ်သက်ပြီး သူကရေးသားခဲ့တာပါ။
ဒါ့အပြင် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ချိန်မှာလည်း “နောင်ဘဝမှာ လူဖြစ်ခဲ့လျင် လွတ်လပ်တရားမျှတပြီး လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာလူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ…”လို့ ဒေါက်တာနေစိုးမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။
အဲ့ဒီနောက် အောက်တိုဘာလ ဒုတိယပတ်အတွင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်ထဲက နတ်တန်ကူးကျေးရွာ ကိုသွားရောက်ပြီး ရေဘေးသင့်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာနဲ့ အိမ်သုံးပစ္စည်းတွေလှူဒါန်းခဲ့ကြောင်း လည်းဖော်ပြခဲ့ပါတယ်။
ဒီမတိုင်ခင် နွေဦးတော်လှန်ရေးကာလတလျှောက်လုံးမှာလည်း သူက C2C Contributions to Community အမည်နဲ့ အဖွဲ့ကို ဦးဆောင်ကာ စစ်ဘေးနဲ့ သဘာဝဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေလုပ်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၊မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဟောင်း ဗိုလ်ချုပ်တင်စိန်ရဲ့ သားဖြစ်သူ ဒေါက်တာနေစိုးမောင်ဟာ အာဏာရှင် ဟောင်းဦးသန်းရွှေရဲ့ သမီးဖြစ်သူနဲ့ အကြောင်းပါ ခဲ့သလို ဦးသန်းရွှေ အချစ်ဆုံးမြေးလို့ လူသိများတဲ့ ဖိုးလပြည့်(ခ) နေရွှေသွေးအောင်ရဲ့ ဖခင်လည်းဖြစ် ပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းချိန်က အာဏာသိမ်းမှုကိုလက်မခံကြောင်း လူထုဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ဖူးတဲ့ ဒေါက်တာနေစိုးမောင်ဟာ လက်ရှိကာလတလျှောက် စစ်ကောင်စီလုပ်ရပ်တွေအပေါ် ဝေဖန်တဲ့ ရေးသားဖော်ပြမှုတွေ မကြာမကြာ လုပ်လေ့ရှိတာကြောင့် စစ်အုပ်စုလော်ဘီတွေက သူ့ကိုဖမ်းဆီးဖို့ တိုက်တွန်းရေးသားခဲ့ကြပါတယ်။
“ပြည်သူတွေ ညီညွတ်ပြီး ဇွဲရှိရှိချီတက်ကြမယ်ဆိုရင် အများမျှော်လင့်ထားတဲ့ လွတ်လပ်တရားမျှတပြီး အေးချမ်းသာယာတဲ့ နိုင်ငံသစ်ကို မြန်မြန်ရောက်ရှိပါလိမ့်မယ်”လို့ အဖမ်းမခံရမီ အောက်တိုဘာလဆန်းမှာ ဒေါက်တာနေစိုးမောင်က လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သူတို့ဖမ်းဆီးသူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ချိပ်ပိတ်သိမ်းဆည်းတာမျိုးတွေလုပ်လေ့ရှိပြီး ဦးသန်းရွှေရဲ့ သားမက်ဖြစ်သလို နေရွှေသွေးအောင်ရဲ့ဖခင်လည်း ဖြစ်တဲ့ ဒေါက်တာနေစိုးမောင်နဲ့ပတ်သက်လို့ ဘယ်လို ဆက်ပြီး ကိုင်တွယ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမတိုင်ခင်ကလည်း သမ္မတဟောင်းဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို လူမှုကွန်ရက်ပေါ်က ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးကာ ပုဒ်မနှစ်ခုအတွက် စုစုပေါင်း ထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားပါသေးတယ်။