တောင်တရုတ်ပင်လယ်ပြင်အရေး ညှိနှိုင်းဖြေရှင်းဖို့ အာဆီယံကို ဖိလစ်ပိုင် တိုက်တွန်း 

အောက်တိုဘာ ၊ ၁၉

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တောင်တရုတ်ပင်လယ်အရေး ထုတ်ဖော်ပြောဆိုကြဖို့ လိုအပ်ကြောင်းနဲ့ အငြင်းပွားဖွယ်ရာ ရေပိုင်နက်နဲ့ ပတ်သတ်ပြီး ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းမှုတွေ အမြန်ညှိနှိုင်းကြဖို့ ဖိလစ်ပိုင်ထိပ်တန်း သံတမန်တဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

တောင်တရုတ်ပင်လယ်ပြင်မှာ အငြင်းပွားမှုတွေကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာဥပဒေကို လိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို ပိုမိုသိရှိနားလည်လာအောင် အာဆီယံအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာနာလို က အောက်တိုဘာ ၁၈ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

“အာဆီယံအနေနဲ့ (တောင်တရုတ်ပင်လယ်)အခြေအနေနဲ့ပတ်သတ်ပြီး ထုတ်ဖော်ပြောဆိုဖို့လိုတယ်”လို့ ဝန်ကြီးက ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ဖိလစ်ပိုင် – ထိုင်း တရားဝင် သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ပြောခဲ့တာပါ။

“အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေး ဆက်ဆံရေးမှာ နိုင်ငံတကာ ဥပဒေစိုးမိုးရေးအလားတူ  တိကျတဲ့ မူဘောင်တွေကို လုပ်ဆောင်ဖို့ အာဆီယံက အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ် ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေဟာလည်း ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းမှုတွေမှာ ထိထိရောက်ရောက် ပါဝင်လှုပ်ရှား နိုင်တယ်”လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လာအိုနိုင်ငံမှာ ပြုလုပ်တဲ့ ထိပ်သီးညီလာခံမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သတ်လို့ အာဆီယံခေါင်းဆောင်တွေအကြား ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ဖိလစ်ပိုင် ၊ မလေးရှား ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့ဟာ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်းငယ်တွေနဲ့ သန္တာကျောက်တန်းတွေကို  သူတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားကြသလို တရုတ်ကတော့ တောင်တရုတ်ပင်လယ်ပြင် တခုလုံးကို သူပိုင်ဆိုင်တယ်လို့ ပြောဆိုထားတာကြောင့် ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပေါ့်လေ့ရှိပါတယ်။ 

လက်ရှိအချိန်ထိ အာဆီယံအဖွဲ့ဝင်တွေဟာ ဖိလစ်ပိုင်ဘက်က ရပ်တည်နေပြီး တချို့အဖွဲ့ဝင်နိုင်ငံတွေဟာ အဆိုပါ အငြင်းပွားဖွယ်ရာ ရေပိုင်နက်ထဲမှာ ကင်းလှည့်တာနဲ့ လေ့ကျင့်ရေး လုပ်တာ ပူးတွဲလုပ်ဆောင်ဖို့ သဘောတူထားပြီ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ 

မနီလာ – ပေကျင်းအကြား တင်းမာမှုများ

တောင်တရုတ်ပင်လယ်ပြင်မှာ ဆက်တိုက်ဆိုသလို ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် တရုတ်နဲ့ ဖိလစ်ပိုင် အကြား ပွတ်တိုက်မှုတွေ မြင့်တက်နေတာ ဖြစ်ပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေက ရန်လိုမှုအကြောင်း၊ ပေကျင်းအစိုးရဟာ နယ်မြေကျူးကျော်ကြောင်း မနီလာအစိုးရက ဝေဖန်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်တွေအပြင် ကုန်သွယ်ရေးဆိုင်ရာ မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဥပရောသမဂ္ဂတို့ကလည်း ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ရပ်တည်ခွင့်ကို ထောက်ခံအားပေးကြတယ်လို့ ဝန်ကြီး မာနာလိုက ပြောပါတယ်.

“ဖိလစ်ပိုင် ငါးဖမ်းသမားတွေက သူတို့ရဲ့ မူလငါးဖမ်းဧရိယာတွေကနေ မောင်းထုတ်ခံရတယ် ဒါတွေက တရုတ်နဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေပဲ ၊ ရည်ရွယ်ချက်တော့ ဒီပြဿနာကို အေးအေး ဆေးဆေးဖြေရှင်းဖို့ ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာပါပဲ” လို့ သူက ဖွင့်ဟပါတယ်။

ဒါ့အပြင် တချို့မိတ်ဖက်တွေဆိုရင်  ခြိမ်းခြောက်မှုတွေ မလုပ်ပဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကတိကဝတ်ပြုထားတယ်လို့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နဲ့ ဆက်ဆံရေးကို နမူနာအဖြစ် မီးမောင်းထိုးပြခဲ့ပါသေးတယ်။

ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ဟာလည်း တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သတ်ပြီး ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိခဲ့ပေမယ့် မကြာသေးခင်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုရှိခဲ့တယ်လို့  မာနာလိုက မှတ်ချက်ပြုပါတယ်။

“အခုဆိုရင်တော့ ကျွန်တော်တို့က မဟာဗျူဟာမြောက်မိတ်ဖက်တွေ ဖြစ်နေပြီ ၊ ရေကြောင်းဧရိယာမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တင်ရမယ်လို့ နားလည်နေပြီ”

လက်ရှိအချိန်မှာ တရုတ်နဲ့ ကိစ္စကို ထုတ်ဖော်ပြောဆိုတာက ဖိလစ်ပိုင်တနိုင်ငံတည်းအတွက်သာမက တခြားဒေသတွင်း နိုင်ငံတွေအတွက်ပါ အကျိုးရှိတယ်လို့လည်း သူက ဆိုပါတယ်။

အခုလို ထုတ်ပြောတာက ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူညီချက် (United Nations Convention on the Law of the Sea) ကို အသက်ဝင်စေဖို့ ဘယ်လိုလုပ်နိုင်မလဲဆိုတာ လေးလေးနက်နက်စဉ်းစားရမယ့် အချိန် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ နိုင်ငံတွေ ပိုများများ နားလည်သဘောပေါက်လာကြတယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။

မိတ်ဖက်တွေနဲ့ အားကောင်းတဲ့ ဆက်ဆံရေး

ဖိလစ်ပိုင်ဟာ လက်ရှိမှာ ဒေသတွင်းသာမက ကမ္ဘာ့ဆိုင်ရာမိတ်ဖက်တွေနဲ့ ကာကွယ်ရေး ၊ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှု အားကောင်းအောင် မြှင့်တင်နေပါတယ်။ 

ဒေသတွင်းမှာ ပထဝီဝင်နိုင်ငံရေးအရ တင်းမာမှုတွေ မြင့်တက်နေတာနဲ့အတူ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာလည်း ပဋိပက္ခတွေတိုးလာနေပြီး ကမ္ဘာ့နိုင်ငံအများစုအနေနဲ့ မိတ်ဖက်ဆက်ဆံရေးတွေ မြင့်တင်ဖို့ အလားတူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတခုကို ရှာဖွေနေကြတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ၊ ကြံကြံခံဖို့နဲ့ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေကို လိုက်လျောညီထွေးလုပ်ဆောင်နိုင်ဖို့ နိုင်ငံတွေ အတူအကွအလုပ်လုပ်ကြတယ်ဆိုတာ အရေးကြီးတယ်လို့ သူက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ကမ္ဘာ့အသွားအလာအများဆုံးရေလမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လစ်လျှူရှုဖို့ စီးပွားရေးနဲ့ နိုင်ငံအရေးအရ အင်မတန်ကြီးမားနေခဲ့တာပါ။

“နိုင်ငံတကာကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံ့မှုနဲ့ ရေကြောင်းပို့ဆောင်ရေးအတွက် မဖြစ်မနေလိုအပ်တဲ့ တောင်တရုတ်ပင်လယ်ပြင်ရဲ့ အရေးပါမှုကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း  နားလည်ကြတယ်။ ဒါ့ကြောင့် တောင်တရုတ်ပင်လယ်ပြင် တည်ငြိမ်အေးချမ်းရေးအတွက် လူတိုင်းစိတ်ဝင်စားကြတယ် လို့ သူက ပြောခဲ့ပါတယ်။

(CNA သတင်းဌာနက ဖော်ပြသည့် ASEAN needs to speak out more on South China Sea: Philippine foreign secretary ကို DNA က သင့်လျော်အောင် ဘာသာပြန်ဆိုသည်။)