ယုံကြည်ချက် အကျဉ်းသား

Photo – google

အောက်တိုဘာ၊ ၈

လုံခြုံနွေးထွေးရာ မိသားစု အသိုက်အမြုံဆီ ဒေါက်တာဇော်မြင့်မောင်တယောက်ပြန်ရောက်လာပေမယ့် ဒီအချိန်ကိုပဲ မျှော်လင့်နေခဲ့ကြတဲ့ မိသားစုဝင်တွေကတော့ မပျော်ရွှင်နိုင်ကြတော့ပါဘူး။

အခုတကြိမ်အိမ်ပြန်ရောက်လာတဲ့ အဲ့ဒီအမရပူရသား ဝါရင့်နိုင်ငံရေးသမားဟာ သူ့မိသားစုဝင်တွေကို ထွေးပွေ့  မနှုတ်ဆက်နိုင်တော့သလို သူ့အတွေ့အကြုံ၊ခံစားချက်တွေကိုလည်း မဖွင့်ဟနိုင်တော့ဘူး။

အတိတ်ကာလတွေတုန်းက ၁၉နှစ်ကြာ မိသားစုနဲ့ အဝေးမှာ ချုပ်နှောင်ခံရပြီးမှ ရုပ်ပိုင်း၊စိတ်ပိုင်း ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ မိသားစုဆီအရောက်ပြန်ပွေ့ဖက်နှုတ်ဆက်နိုင်ခဲ့ပေမယ့် အခုတကြိမ်သုံးနှစ်နဲ့ရှစ်လလောက်ကြာတဲ့ ခရီးကတော့ အရင်လိုမဟုတ်တော့တာပါ။

မန္တလေးတိုင်းဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယဥက္ကဌ အဖြစ်နဲ့ စစ်အုပ်စုလက်ထဲ ဖမ်းဆီးခံရပြီး အကျဉ်းကျနေခဲ့သူ။သွေးကင်ဆာနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ဖိစီးနှိပ်စက်မှုတွေကို တပြိုင်တည်း အံတုရင်း ယုံကြည်ချက်ကို လက်ကိုင်ပြုသွားခဲ့သူ။

“ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကဘာလဲဆိုရင် ကိုယ့်ရဲ့ယုံကြည်ချက်အပေါ် သစ္စာမဖောက်ဘူး။ ပါတီအပေါ်ရယ်၊ ရဲဘော်ရဲဘက်ရယ် အဲ့ဒါနဲ့ပဲဖြတ်သန်းလာတာ”

စစ်အုပ်စုလက်ထဲက ခက်ခဲကျပ်တည်းတဲ့ အကျဉ်းစံနေ့ရက်တွေအကြောင်းကို ဒေါက်တာဇော်မြင့်မောင်က အဲ့ဒီလို ဖွင့်ဟခဲ့ဖူးတယ်။၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုလုပ်ခဲ့တဲ့”NLD ခရီးရှည်” စကား ဝိုင်းမှာပါ။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အလွန်လည်းကြမ်းတမ်းပါတယ်၊ အလွန်လည်း ခက်ခဲပါတယ်”လို့လည်း အတိတ်ကာလ ဖြတ်သန်းမှုတွေကို သူက ဝန်ခံခဲ့ပါတယ်။

သူပြောခဲ့တဲ့ ကြမ်းတမ်း၊ခက်ခဲမှုဆိုတာတွေရဲ့အစိတ်အပိုင်းတချို့ကို သူကွယ်လွန်ပြီးချိန် သမီးဖြစ်သူ ဒေါက်တာ စုဝေပုံရဲ့ လူမှုကွန် ရက်မှာရေးသားဖော်ပြချက်ထဲကနေ တွေ့နိုင်ပါတယ်။

“ကိုယ် တနှစ်ငါးလကတည်းက အဖေဟာထောင်ကျခဲ့ပြီး Final Part 1 ရောက်မှပြန်လွတ်ခဲ့တော့ အဖေဆိုတာ ကိုယ့်အတွက်အရမ်းစိမ်းနေခဲ့တာ”

အဖေရယ်လို့ ကောင်းကောင်းမရင်းနှီး၊မမှတ်မိသေးချိန်ကာလတွေကတည်းက ခွဲခွာခဲ့ရတဲ့နောက် လတချို့ကြာမှ တကြိမ်ရတဲ့ ထောင်ဝင်စာတွေ့ချိန် အဖေနဲ့ နှုတ်ဆက်ခွင့်ဆိုတာလည်း ကလေးအရွယ် မစုဝေပုံအဖို့ မက်မောစရာ မဟုတ်ခဲ့။

“ငယ်ငယ်ကဆို အမေတို့ပြန်ပြန်ပြောပြတာ၊ထောင်ဝင်စာသွားတွေ့ရင် အဖေဆိုတဲ့လူကြီးနဲ့ မတွေ့ချင်ဘူး၊ ရန် ကုန်ပဲလိုက်မှာလို့ပြောတာတဲ့”လို့ ဒေါက်တာစုဝေပုံက သူ့ငယ်ဘဝ အဖေနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတချို့ ကို လှစ်ဟပြပါတယ်။

အမရပူရသား မန္တလေးက ဒီမိုကရေစီနိုင်ငံရေးသမားဟာ ရန်ကုန်အင်းစိန်ထောင်နဲ့ ကချင်ပြည်နယ်က မြစ်ကြီး နားထောင်တွေထဲ သူ့သမီးငယ်အရွယ်ရောက်ချိန်အထိ တသက်စာလုံး ဖြတ်သန်းခဲ့ရ။

ဒါကြောင့်ပဲ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါလိမ့်မယ်။

“အကြာဆုံးအကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့သိကြတာလည်းရှိပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာဇော်မြင့်မောင်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

နဝတ၊နအဖ စစ်အစိုးရခေတ်တွေတုန်းက ကနဦးထောင်ဒဏ် ၂၅နှစ်နဲ့ ထောင်တွင်းမှာထပ်တိုးချမှတ်ခံရတဲ့ ၁၂နှစ်၊ စုစု ပေါင်း ထောင်ဒဏ် ၃၇နှစ်ချခံရပြီး ၁၉နှစ်ကြာ အကျဉ်းကျချိန်တွေကို ဒေါက်တာဇော်မြင့်မောင်ဟာ သက် လတ်ပိုင်းနဲ့သက်ကြီးပိုင်းဝင်စအရွယ်တွေမှာဖြတ်သန်းခဲ့တာပါ။

၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုထဲက ဒေါက်တာဇော်မြင့်မောင်ကတော့ အသက် ခုနစ်ဆယ်ကျော်အရွယ် သွေး ကင်ဆာဝေဒနာရှင်တယောက်။ငယ်ရွယ်ချိန်တုန်းက အတွေ့အကြုံတွေဟာ ကြမ်းတမ်း၊ခက်ခဲမှန်းသိပြီးသားဆို တဲ့တိုင် ယုံကြည်ချက်ကိုတော့ လျှော့မချခဲ့။

အာဏာသိမ်းစစ်ကောင်စီက သူ့ကို ရွေးကောက်ပွဲမသမာမှု၊အဂတိမှုတွေအပါအဝင် ပုဒ်မအမျိုးမျိုးတပ် တရားစွဲ ဆိုပြီး ထောင်ဒဏ် စုစုပေါင်း ၂၉နှစ်အထိ ချမှတ်ခဲ့ပါတယ်။

သူ့ကိုစွဲဆိုတဲ့ အဂတိမှုတွေနဲ့ပတ်သက်ပြီး ခရိုနီစီးပွားရေးသမား မောင်ဝိတ်က စစ်ကောင်စီဘက်က သက်သေ အဖြစ် ထွက်ဆိုပြီးချိန်မှာ ဇွတ်အတင်းကန်တော့ခဲ့ပေမယ့် ဒေါက်တာဇော်မြင့်မောင်က လက်မခံခဲ့ဘူးဆိုတဲ့ Myanmar Now ရဲ့သတင်းဖော်ပြချက်ဟာ လူသိများပါတယ်။

“ကျမ်းဆိုတာ စူးတတ်တယ်၊သံသရာအထိခံရမှာကိုယ့်လူ”လို့ ဒေါက်တာဇော်မြင့်မောင်က မောင်ဝိတ်ကို တုံ့ပြန် ပြောဆိုခဲ့ကြောင်းလည်း အဲ့ဒီသတင်းမှာတွေ့ရပါတယ်။

အမရပူရမှာမွေး၊ မန္တလေးမှာကြီးပြင်းလူလားမြောက်ပြီး မန္တလေးကနေပဲ နိုင်ငံရေးခရောင်းလမ်းတွေထဲ ပါဝင် လျှောက်လှမ်းဖြစ်ခဲ့သူ။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွေပေါ်ပေါက်လာတော့ မန္တလေးဆေး တက္ကသိုလ် ဇီဝဓာတုဌာနက သရုပ်ပြဆရာဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။

“ဘာလွတ်လပ်ခွင့်မှမရခဲ့တဲ့ကာလကြီးတခုကိုဖြတ်လာတော့ ကျွန်တော်တို့လွတ်လပ်ခွင့်တအားလိုချင်တယ်။ နောက်အပြောင်းအလဲတခုကိုလည်းလိုချင်တယ်”လို့ ဒေါက်တာဇော်မြင့်မောင်က သူနိုင်ငံရေးထဲဝင်ရောက်ဖြစ်ခဲ့ရ တဲ့ဇစ်မြစ်ကိုပြောပြပါတယ်။

ဒီလိုနဲ့ မန္တလေး ဆေးတက္ကသိုလ် ဆရာများ သမဂ္ဂအတွင်းရေးမှူး၊အထက်မြန်မာပြည် ဆရာဝန်များသမဂ္ဂ တွဲဘက် အတွင်းရေးမှူးတာဝန်တွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံတပ်သားတဦးဖြစ်ခဲ့သူ။

အဲ့ဒီနောက် ၁၉၉၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေတည်ထောင်ပေါ်ပေါက်လာကြတဲ့အခါ ပါတီနိုင်ငံရေး လောကထဲ ဆက်ပြီးလျှောက်လှမ်းဖို့ ခြေလှမ်းပြင်ပါတော့တယ်။

“အပြောင်းအလဲတခုလိုချင်တယ်ဆိုရင် ကျွန်တော်တသီးပုဂ္ဂတဦးတည်းအနေနဲ့လုပ်လို့မရဘူးဆိုတာလည်းအဲ့ဒီက တည်းကသဘောပေါက်တယ်” လို့ သူက ဖွင့်ဟခဲ့ပါတယ်။

ရှစ်လေးလုံးကာလအတွင်း အောင်၊စု၊တင် အစုအဖွဲ့သုံးခုနဲ့ ပူးပေါင်းဦးဆောင်ဖြစ်တည်လာတဲ့ NLD ပါတီကို တနှစ် လောက် လေ့လာစောင့်ကြည့်ခဲ့သေးတယ်လို့လည်း ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုသူကပြန်ပြောင်း ပြောပြခဲ့ပါတယ်။

အောင်၊စု၊တင်ကနေ ဦးအောင်ကြီးအစုအဖွဲ့ကွဲထွက်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦး တင်ဦးနှစ်ဦးသာ ခေါင်းဆောင်တွေအနေနဲ့ကျန်ခဲ့ချိန် ၁၉၈၉ခုနှစ်မှာ ဒေါက်တာဇော်မြင့်မောင်တယောက် NLD ပါတီထဲ စတင်ဝင်ရောက်ပါတယ်။

“ရိုးရိုးတန်းတန်း NLD အဖွဲ့ဝင်တဦးအနေနဲ့ ကျွန်တော်စဝင်ခဲ့တယ်။မြို့နယ်စည်းတောင်မဖြစ်ဘူးအမရေ၊ကျွန် တော်မြို့နယ်စည်းမဖြစ်ခင်မှာပဲ အဖမ်းခံလိုက်ရတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူကပြောပြပါတယ်။

NLD ပါတီဝင်ဖြစ်လာပြီးနောက် မြို့နယ်အဆင့်တာဝန်တွေမထမ်းရသေးခင် အဖမ်းခံခဲ့ရတယ်ဆိုပေမယ့်အဖမ်း ခံရချိန်မှာ ဒေါက်တာဇော်မြင့်မောင်က ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်တဦးဖြစ်နေပါပြီ။

သူက ကွယ်လွန်ချိန်အထိ NLD ပါတီဝင်ကိုယ်စားလှယ်လောင်းအနေနဲ့ အထွေထွေရွေးကောက်ပွဲသုံးကြိမ်၊ကြား ဖြတ်တကြိမ်ဝင်ပြိုင်ခဲ့ပြီး လေးထပ်ကွမ်း အနိုင်ရအမတ်ဖြစ်ခဲ့တာပါ။အဲ့ဒီအထဲက သုံးကြိမ်ကိုတော့ မွေးရပ်မြေ အ မရပူရကနေပဲ နိုင်ခဲ့ပြီး ၂၀၁၂ကြားဖြတ်တုန်းကတော့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာကနေ နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ဝါရင့် NLD ပါတီဝင်တချို့လိုပဲ လေးထပ်ကွမ်းအနိုင်ရအမတ်ဖြစ်ပေမယ့် ၁၉၉၀နဲ့ ၂၀၂၀ နှစ်ကြိမ်အ တွက်ကတော့ တာဝန်မထမ်းဆောင်ရဘဲ စစ်အုပ်စုရဲ့ အကျဉ်းထောင်တွေထဲမှာသာ ဖြတ်သန်းခဲ့ရပါတယ်။

NLD ပါတီဝင်ဖြစ်လာပုံကို ပြောပြတဲ့စကားတွေထဲမှာ သူတလျှောက်လုံး ပြောလာတဲ့ ယုံကြည်ချက် အကြောင်းကို လည်း တွေ့နိုင်ပါတယ်။

“NLD ကိုဝင်ပြီးတော့ စနစ်တခု၊အပြောင်းအလဲတခုကိုတည်ဆောက်မယ်ဆိုပြီးတော့ ကျွန်တော်ယုံကြည်ချက်နဲ့ ကိုဝင်ခဲ့တာ”

အဲ့ဒီလိုပါတီထဲဝင်ဖို့အတွက် ရှစ်လေးလုံးကာလအပြီးအထိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ စစ်အစိုးရပညာရေး ဝန်ထမ်းဘဝကိုလည်း လျော်ကြေးပေးနှုတ်ထွက်ပြီး နိဂုံးချုပ်ခဲ့ရပါတယ်။

သူ့ရဲ့ဖခင်က မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် ဇီဝဓာတုပါရဂူဘွဲ့ရသူ ဒေါက်တာချစ်မောင်ဖြစ်ပြီး အဲ့ဒီအချိန်က မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနကိုလည်း ဖခင်က ပါမောက္ခအဖြစ်နဲ့ တာဝန်ယူကိုင်တွယ်နေချိန် ဖြစ်ပါ တယ်။

ဒေါက်တာ ချစ်မောင်ဟာ ဇီဝဓာတုဗေဒဘာသာရပ်ကို အမေရိကန် တက္ကဆက်တက္ကသိုလ်ကနေ မဟာဘွဲ့နဲ့ အိုင် ယာလန်နိုင်ငံ ဒဗ္ဗလင်တက္ကသိုလ်က ပါရဂူဘွဲ့ရခဲ့သူပါ။သားဖြစ်သူနိုင်ငံရေးသမားအဖြစ်ရပ်တည်ဖို့ အလုပ်ကထွက် သွားတဲ့ ၁၉၈၉မှာ ဒေါက်တာချစ်မောင်လည်း အငြိမ်းစားယူခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ တပ်မတော် ဆေးတက္ကသိုလ်နဲ့ မန္တလေးဆေးတက္ကသိုလ် ဓာတုဗေဒမဟာသိပ္ပံ၊ ပါရဂူ ဘွဲ့သင်တန်းသားတွေကို သင်ကြားပေးခဲ့ပါသေးတယ်။

သားဖြစ်သူရဲ့ နိုင်ငံရေးခရောင်းလမ်းနေ့ရက်တွေထဲ ထောင်ဝင်စာပို့ရတဲ့ အဖေဖြစ်ခဲ့တဲ့ ဒေါက်တာချစ်မောင်ဟာ လက်ရှိအာဏာသိမ်းကာလအတွင်း ၂၀၂၁ခုနှစ် စက်တင်ဘာလဆန်းမှာ ကိုဗစ်ရောဂါနောက်ဆက်တွဲဝေဒနာတွေ ကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။

“စစ်တပ်ခေါင်းဆောင်တွေရက်စက်လွန်းတယ်”လို့ သားဖြစ်သူရဲ့တကျော့ပြန် အကျဉ်းစံနေ့ရက်တွေနဲ့ပတ်သက်လို့ အသက် ၉၃နှစ်အရွယ်ဒေါက်တာချစ်မောင်က မကွယ်လွန်ခင်ဖွင့်ဟရေးသားခဲ့ဖူးပါတယ်။

“ဖေဖေက အသက်ကြီးတော့ သားသမီးတွေကို တွေ့ချင်တယ်”လို့လည်း သားဖြစ်သူကို တမ်းတခဲ့သေးပေမယ့် အ ကျဉ်းထောင်ထဲက ဒေါက်တာဇော်မြင့်မောင်ဟာ ဖခင်ရဲ့ နာရေးကို သတင်းစကားအဖြစ်သာ ကြားသိခဲ့ရပါတယ်။

အဖေ့နာရေး သားဖြစ်သူ နှုတ်ဆက်ခွင့်မသာခဲ့သလို သားဖြစ်သူကိုယ်တိုင် နောက်ဆုံးအနေနဲ့ အိမ်ပြန်ရောက်လာ ချိန်မှာလည်း အဖေဖြစ်သူကထွက်ခွာသွားနှင့်ပါပြီ။

ရှစ်လေးလုံးကာလမှာ နိုင်ငံရေးလောကထဲရောက်၊ NLD ပါတီထဲဝင်၊အနိုင်ရအမတ်ဖြစ်၊ ဆယ်စုနှစ် နှစ်ခုနီးပါး အကျဉ်းစံခဲ့ရအပြီး ပြန်လွတ်လာချိန်မှာလည်း ဒေါက်တာဇော်မြင့်မောင်ကသူ့ယုံကြည်ချက်ဆီကိုသာဆက် လျှောက်ပါတယ်။

လွတ်လပ်ခွင့်တွေရှိတဲ့ စနစ်တခုပေါ်ပေါက်လာအောင် ပြောင်းလဲဖို့။

၂၀၀၉ခုနှစ်မှာ ပြန်လွတ်လာတဲ့နောက် နှစ်လလောက်သာ ကျန်းမာရေးအားဖြည့်ဖို့ အနားယူခဲ့ပြီး ပါတီတာဝန် တွေပြန်လည်ထမ်းဆောင်ခဲ့တယ်လို့ သူကပြောပြခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ မြို့နယ်အဆင့်၊တိုင်းအဆင့်တာဝန်တွေတဖြည်းဖြည်း ယူလာရပြီး လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်နေတဲ့ ၂၀၁၃ခုနှစ်မှာတော့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်တဦးဖြစ်လာပါတယ်။

“ပြောရရင်တော့ ပါတီတခုမှာ တဆင့်ချင်း၊တဆင့်ချင်းတက်ရတယ်။ခုန်ပျံမတက်ရဘူး။အဲ့ဒါလေးတွေကိုလည်း ကျွန်တော်နောင်လူတွေကိုသိစေချင်တယ်” လို့သူကပြောပါတယ်။

၂၀၀၉မှာထောင်ကလွတ်၊ပါတီတာဝန်နဲ့ နယ်လှည့်စည်းရုံးရေးခရီးတွေသွားလာရ၊အဲ့ဒီနောက် မွေးရပ်မြေ မဟုတ် တဲ့ တခြားဒေသမှာ၂၀၁၂ ကြားဖြတ်အတွက် မဲဆွယ်စည်းရုံးရေးခရီးတွေ၊ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ် လာတဲ့အခါ နေပြည်တော်ခရီးတွေ။

ခရီးပြီး ခရီးတွေဆက်ရင်း မသိတတ်သေးချိန်ကနေ အရွယ်ရောက်ချိန်အထိ သူစိမ်းပြင်ပြင်ဖြစ်ခဲ့တဲ့ သမီးဖြစ်သူ အပါအဝင် မိသားစုဆက်ဆံရေးကိုလည်း ပြန်လည်တည်ဆောက်ရပြန်ပါတယ်။

“လွတ်လာပြီးနောက် အဖေနဲ့သမီးရင်းနှီးမှုရဖို့ အဖေဟာအရမ်းကြိုးစားပြီး သူ့သမီးကိုချစ်ကြောင်း အများကြီးပြခဲ့တယ်၊တခါမှအသံမာမာတောင်မပြောဘူး”လို့ သမီးငယ် ဒေါက်တာစုဝေပုံက ဖွင့်ဟပါတယ်။

ပါတီတာဝန်၊မိသားစု အရေး၊လွှတ်တော်ကိုယ်စားလှယ်တာဝန်၊ ဝန်ကြီးချုပ်တာဝန်တွေနဲ့ ပြေးလွှား၊ ရုန်းကန်ရင်း ဆယ်စုနှစ်တခုကျော်ကြာအချိန်ကာလဟာ ကြာလွန်းတယ်လို့မဆိုနိုင်သေး။

သမီးငယ်နဲ့ ခပ်စိမ်းစိမ်းဖြစ်ခဲ့တဲ့ ဖခင်ဖြစ်သူဟာ အဲ့ဒီသမီးကမွေးတဲ့ မြေးမအငယ်လေး ရက်တရာပြည့်ပြီးချိန်မှာ အကျဉ်းစံနိုင်ငံရေးသမားဘဝဆီပြန်ရောက်နေပါပြီ။

“ရုံးချိန်းမှာအဖေ့ကိုတွေ့ရင် ဆေးလိမ်း၊မုန့်ကျွေး၊အဖေနဲ့ခဏလေးတွေ့ရဖို့ တနေကုန်စောင့်ရတာ၊ဒါပေမဲ့လေ အဖေဟာအဖေပီသစွာပဲ သူကအရင် အားပေးတဲ့စာတွေကအားရှိစေခဲ့တာ”လို့ ဒေါက်တာစုဝေပုံက ဆိုပါတယ်။

ကင်ဆာဝေဒနာသည် အကျဉ်းစံဝါရင့်နိုင်ငံရေးသမားဟာ သူ့မြေးမလေးတွေအကြောင်းစိတ် ဝင်တစားရှိတတ်ပုံ ကိုလည်း ဒေါက်တာစုဝေပုံကမျှဝေထားပါသေးတယ်။

“သူချစ်တဲ့ မြေးလေးတွေအကြောင်းရေးရင်သိပ်ပျော်ခဲ့တဲ့အဖေပါ၊သူ့မြေးလေးနှစ်ပတ်တခါရေးတဲ့ English လိုရေး ကြတဲ့စာလေးတွေဟာ သူ့အတွက်အားအရမ်းရှိတယ်လို့ပြောတတ်တဲ့အဖေ”

ခပ်ပြုံးပြုံးမျက်နှာထား၊တက်ကြွတဲ့ ဟန်ပန်မျိုးနဲ့တည်ငြိမ်တဲ့အမူအရာတွေ ရောထွေးတွေ့ရလေ့ရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာ ရောဂါခံစားရပြီးနောက် ကျန်းမာရေးဘက်အာရုံစိုက်ရတာတွေရှိခဲ့ပေမယ့်ပါတီ ကနေ အနားမယူဘဲ ၂၀၂၀ ရွေးကောက်ပွဲမှာဆက်လက်ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် သူငယ်ချင်းဖြစ်သူ ဒေါက်တာရဲလွင်နဲ့ အတူ သူဦးဆောင်တဲ့ ကာလအတွင်း မန္တလေးမြို့ပြစီမံကိန်းတွေ ဟာလည်း အသိအမှတ်ပြုသူတွေများခဲ့တယ်။ဝန်ကြီးချုပ်ရာထူးနဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ လုပ်ဆောင်ချက် တချို့မှာ ဝေဖန်ခံရတာတွေလည်းရှိခဲ့တာပါပဲ။

ဒါပေမယ့် သူ့ယုံကြည်ချက်ကိုတော့ မစွန့်လွှတ်ဘဲ စစ်အုပ်စုကိုဦးမညွှတ်ခဲ့။

ဒါကြောင့်ပဲလက်ရှိမှာ ကိုယ်တိုင် အကျဉ်းစံနေ့ရက်တွေကိုဖြတ်သန်းနေရတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာဇော်မြင့်မောင်နဲ့ပတ်သက်ပြီး အခုလိုထုတ်ပြောခဲ့တာဖြစ်နိုင်ပါတယ်။

“ကျွန်မတို့ NLD အတွက်ကတော့ ကျွန်မတို့ရဲ့တကယ့်အမာခံ အစဦးတည်းက ကနဦးကတည်းက ပါလာခဲ့တဲ့ NLD ရဲဘော်ရဲဘက် တယောက်အနေနဲ့ ကျွန်မတို့ကတန်ဖိုးထားတာ” တဲ့။

ဝေဒနာအပြင်းအထန်ခံစားနေရပြီး ကျန်းမာရေးအခြေအနေဆိုးရွာနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင် စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပေမယ့် ကိုယ်တိုင်ကတော့ သတိလွတ်နေတာကြောင့် မသိခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်တဲ့သ တင်းရင်းမြစ်တွေကဆိုကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်တယောက် သူ့ကိုယ်သူ အကျဉ်းသားအဖြစ်နဲ့ပဲ သိနားလည်ပြီး နောက်ဆုံးထွက်သက်ကို ရင်ဆိုင်ခဲ့ရတယ်ဆိုရင်တောင် အဲ့ဒါဟာ စစ်ကောင်စီအကျဉ်းသားအနေနဲ့ မဟုတ်ဘဲ သူကိုယ်တိုင် ကိုင်စွဲထားတဲ့ ယုံကြည်ချက်ရဲ့ အကျဉ်းသားတဦးအနေနဲ့ပဲ ဖြစ်ပါလိမ့်မယ်။

ခေတ်အဆက်ဆက် မြန်မာနိုင်ငံရေး လောကထဲ ယုံကြည်ချက်ရဲ့အကျဉ်းသားအဖြစ် ရပ်တည်ပြခဲ့သူတွေ လက်ရှိ အချိန်အထိ အများအပြားရှိနေကြရဆဲပါ။ ဒေါက်တာဇော်မြင့်မောင်ဟာလည်း သူတို့ထဲက ပြယုဂ်တခုလို့ဆိုနိုင်မှာ ပါ။

နိုင်ငံရေးဝဲဂယက်ထဲ ပါဝင်လုပ်ကိုင်တဲ့အခါယုံကြည်ချက်မဖောက်ဖျက်ဖို့အပြင် ဇွဲရှိဖို့နဲ့ ရည်မှန်းချက်ရှိဖို့လည်းလို အပ်တဲ့အကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။

ပြီးတော့ နောက်ဆုံးအချိန်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့တဲ့ အဲ့ဒီဝါရင့်နိုင်ငံရေးသမားက အခုလိုလည်း ပြောခဲ့ပါသေးတယ်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ ခံနိုင်ရည်ရှိရမယ်”