စက်တင်ဘာ ၊ ၂၈
နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုပြီးစစ်ကောင်စီဘက်က ထုတ်ပြန်လာတာဟာ ပြဿနာ တွေပိုဖြစ်လာအောင်ဖန်တီးမယ့် နိုင်ငံရေးအမြတ်ထုတ်မှုတခုသာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီ IEC က ဒီကနေ့တုံ့ပြန်လိုက်ပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံညှိနှိုင်းမှာမဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဖြစ် ပေါ်စေ ရေးကိုသာ ကြိုးပမ်းသွားမှာဖြစ်ပြီး တခြားသောပြည်နယ်တွေနဲ့ဖက်ဒရယ်ယူနစ်တွေကလည်း လူထုဆန္ဒအတိုင်း ညီညီညွတ်ညွတ်ဆက်လက်ရပ်တည်ကြဖို့တိုက်တွန်းတယ်လို့ IEC ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် ပြည်သူတွေကိုအတင်းအဓမ္မစစ်မှုထမ်းစေတာ၊နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးပမ်းလာတာတွေလုပ်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီအင်အားစုတွေကြား သွေးခွဲဖို့ ရည်ရွယ်ပြီး အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကိုပါလုပ်လာတာလို့လည်း ဝေဖန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် သူတို့ကိုတော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဆွေးနွေးညှိနှိုင်းမှု လုပ်မှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်တွေက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပေမယ့် စက်တင်ဘာ ၂၆ရက် မှာတော့ နိုင်ငံရေးအရ ဖြေရှင်းနိုင်အောင်ဆက်သွယ်ကြဖို့ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီရဲ့အဲ့ဒီထုတ်ပြန်ချက်အတွင်း ၂၀၂၁ အာဏာသိမ်းမှုဟာ အထွေထွေရွေးကောက်ပွဲအငြင်းပွားမှု တွေ ကြောင့် ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အာဏာလွှဲပြောင်းရယူထိန်းသိမ်းခဲ့ရတာဖြစ်တယ်လို့လည်း အကြောင်းပြ ထားပါတယ်။
IEC ကတော့ လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၀၈ အခြေခံဥပဒေအာဏာတည်မှုမရှိတော့သလို တရား မဝင်အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လူထုပေါင်းစုံတက်ညီလက်ညီ ဆန့်ကျင်ကြတာကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေဟာလည်း တရားဝင်မှုမရှိတော့ဘူးလို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်ပြီး လူထုဆီကနေအာဏာသိမ်းယူ ကာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်ကျူးလွန်နေခဲ့တာလို့လည်း IEC က ဝေဖန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက် သောင်းကျန်းသူတွေလို့ ဆက်လက်သုံးနှုံးဖော်ပြပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်အောင်ဆက်သွယ်ကြဖို့ ကမ်းလှမ်းထားတဲ့ စစ်ကောင်စီထုတ်ပြန်ချက်အပေါ် လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တော်လှန်တပ်ဖွဲ့အများစုက အတုအယောက်ကမ်းလှမ်းချက်လို့ တုံ့ပြန်ထားကြတာပါ။
KIA တပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း စစ်ကောင်စီရဲ့ ထုတ်ပြန် ကမ်းလှမ်း ချက်ဟာ ဘာကြောင့် အာဏာသိမ်းတယ်ဆိုတာကို “ထုချေလွှာတင်ပြ”ထားတာဖြစ်သလို သန်းခေါင်စာရင်း ကောက်မှာဖြစ်ကြောင်း ကြေညာတဲ့ထုတ်ပြန်ချက်သာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ရမခဌာနချုပ်နဲ့ လားရှိုးမြို့အပါအဝင် မန္တလေးတိုင်းအတွင်းက မြို့တချို့ပါ လက်လွှတ်ခဲ့ရပြီးနောက် ဆုံးရှုံး ဒေသ တွေအပြင် နိုင်ငံတဝန်းဒေသအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တိုးပြုလုပ်နေတဲ့စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ဟာ လက်ရှိအချိန်အထိတော့ တော်လှန်ရေးအင်အားစုတွေဆီက ကောင်းမွန်တဲ့တုံ့ပြန်မှု တစုံတရာ ရမထားပါဘူး။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်ဝက်ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တဲ့ အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီရဲ့အဲ့ဒီဖိတ်ခေါ်ချက်ကို တိုက်ရိုက်တုံ့ပြန်တာမျိုးမရှိသေးပေမယ့် အာရက္ခဒေသအတွင်း သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်ကောင်စီစခန်းတွေအားလုံးကို တခုမကျန်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်တွေကို အရှိန်မြှင့်သွားမယ်လို့ မနေ့ညက ထုတ်ပြန်ထားပါသေးတယ်။
Photo – KNDF