ဘေရွတ်မှာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အစ္စရေးလုပ်ဆောင်

 စက်တင်ဘာ ၊ ၂၈

အစ္စရေးဟာ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ ခေါင်းဆောင်ကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မှာ လုပ်ဆောင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တချို့ကို အစ္စရေးက အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် ဒေသခံတွေကို ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ လစ်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဆေယက်ဒ် ဟာဆန် နက်စ်ရာလားဟ်ကို တိုက်ရိုက် ပစ်မှတ်ထားခဲ့တာလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ တိုက်ခိုက်မှုတွေအပြီး နောက်ထပ် နာရီပေါင်း အတော်ကြာတဲ့ထိ ဟစ်ဇ်ဘိုလာတွေကတော့ သူတို့ရဲ့ခေါင်းဆောင် သေမသေ ဆိုတာကို တရားဝင် မကြေညာသေးပါဘူး။

အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ တယောက်ဖြစ်တဲ့ အေဗစ်ချေ အေဒါရေက တိတိကျကျ သတ်မှတ်ထားတဲ့ အဆောက်အအုံ ၃ ခုနဲ့ ကိုက် ၅၀၀ အတွင်း နေထိုင်သူတွေ အားလုံး ရွှေ့ပြောင်းကြဖို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဘေရွတ်တောင်ပိုင်းက လူနေထူထပ်ရာ ဧရိယာမှာ ဒေသခံတွေ ရွှေ့ပြောင်းကြဖို့ အစ္စရေးဆီက အခုလိုမျိုး သတိပေးချက် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

 ဟစ်ဇ်ဘိုလာ သတင်းရင်းမြစ် တဦးက နက်စ်ရာလားဟ် မသေကြောင်းနဲ့ ဘေးကင်းကင်း ရှိနေကြောင်း၊ သူဟာ လုံခြုံတဲ့ တနေရာဆီ ရွှေ့ပြောင်းသွားပြီးဖြစ်ကြောင်း ပြောပေမယ့် တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။ ဟစ်ဇ်ဘိုလာတွေရဲ့ အဓိက စစ်ရေးမဟာမိတ်ဖြစ်တဲ့ အီရန်က နက်စ်ရာလားဟ်ရဲ့ အခြေအနေကို စုံစမ်းနေဆဲလို့ ပြောပါတယ်။

အစ္စရေး စစ်တပ်ကလည်း ဘေရွတ်တောင်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ နက်စ်ရာလားဟ်ကို အဓိက ပစ်မှတ်ထားခဲ့တယ် ဆိုတာကို မငြင်းဆန်ပေမယ့် လောလောဆယ် သူတို့ပစ်မှတ် သေသလား ရှင်သလား ဆိုတာကို တိတိကျကျ အတည်ပြုဖို့ စောလွန်းသေးတယ်လို့ပဲ မှတ်ချက်ပေးထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် ဒန်နီ ဒါနွန်က ဘေရွတ်မှာ ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အစ္စရေးကို ရန်လိုတိုက်ခိုက်ဖို့အရေး ဆွေးနွေးဖို့ လူဆိုးတွေ စုဝေးနေတဲ့ နေရာတခုကို ပစ်မှတ်ထားခဲ့တာလို့ ပြောကြားသွားပါတယ်။

လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဘေရွတ်တောင်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ကနဦးအဆင့် စာရင်းတွေအရ အရပ်သား ၂ ဦးသေပြီး ၇၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိထားကြောင်း ထုတ်ပြန်ပါတယ်။

ဟစ်ဇ်ဘိုလာတွေရဲ့ ရုပ်မြင်သံကြား ဌာနဖြစ်တဲ့ အယ်လ်မန်နာကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အဆောက်အအုံ ၄ ခု လုံးဝ ပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့ပြီး အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးတွေက အသည်းအသန် လိုက်ရှာနေကြပုံကို ထုတ်လွှင့် ပြသခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခုတိုက်ခိုက်မှုတွေဟာ ပစ်မှတ်ကို တိတိကျကျ ချိန်ရွယ် ချေမှုန်းတာတွေဖြစ်ပြီး ဟစ်ဇ်ဘိုလာတွေရဲ့ စစ်ရေး အခြေစိုက် စခန်းတွေကိုသာ ထိမှန်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိမှာတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား စစ်ရေးအရ တင်းမာမှုတွေဟာ အဆိုးဆုံး အဆင့်ကို ရောက်ရှိနေပြီး အစ္စရေးဟာ နယ်စပ်နားမှာရှိတဲ့ လက်ဘနွန်တောင်ပိုင်း ဒေသတွေက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ ဒါ့အပြင် မြို့တော် ဘေရွတ် တောင်ပိုင်းက ဒါဟီယာလို့ခေါ်ပြီး ဟစ်ဇ်ဘိုလာတွေ ဖြန့်ကျက်မှု အဓိက အားကောင်းတဲ့ နယ်မြေတွေမှာလည်း အခု သီတင်းပတ်ထဲမှာ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း လုပ်ဆောင်ထားခဲ့ကြောင်း သိရပါတယ်။

Ref: AP