နိုင်ငံပိုင်နက်ထဲ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဟိုသီတွေ ပေးဆပ်ရမယ်လို့ အစ္စရေး ခြိမ်းခြောက်

စက်တင်ဘာ၊ ၁၆

ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုက အစ္စရေး ပိုင်နက်ကို ထိပါးလာခဲ့တဲ့နောက် ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

ဟိုသီတွေက သူတို့ရဲ့ နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည် တစီးဟာ အစ္စရေး လေကြောင်း ကာကွယ်ရေး စနစ်တွေကို ထွင်းဖောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပြီး နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေ ကြုံလာရစေမယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ ဂါဇာမှာ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင်လာချိန် ကတည်းက အစ္စရေး ပိုင်နက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့ဖူးပေမယ့် အများစုက ကြားဖြတ် ပစ်ချခံခဲ့ရပါတယ်။ ရှားပါး အခြေအနေအဖြစ် ဇူလိုင်လတုန်းကတော့ ဟိုသီတွေရဲ့ ဖောက်ခွဲရေး ဒရုန်းတစီးဟာ တဲလ်အဗစ်ဗ်ထိ ရောက်ရှိသွားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကတော့ တဲလ်အဗစ်ဗ် မြို့ရဲ့ အရှေ့တောင်ဖက် ဘန်ရှာမန် တောအုပ်မှာရှိတဲ့ မြေလွတ် တနေရာကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ဒုံးကျည်က အစ္စရေး လေပိုင်နက်ထဲ ဖြတ်သန်း ဝင်ရောက်လာမှုကြောင့် အနီးမှာရှိတဲ့ ဘန်ဂူရီယန် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် လေကြောင်း အန္တရာယ် အချက်ပေး ဥဩတွေ ဆွဲခဲ့ရသလို ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေလည် ဗုံးခိုကျင်းတွေထဲ အပြေးအလွှား သွားရောက် ခိုလှုံခဲ့ရပါတယ်။ အခုတိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ထိခိုက်သေကြေမှု၊ ပျက်စီးဆုံးရှုံးမှုတွေတော့ မရှိခဲ့ပါဘူး။ 

အစ္စ​ရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဟိုသီဒုံးကျည် တစင်းက နိုင်ငံ လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာနိုင်ခဲ့တဲ့ ကိစ္စကို စုံစမ်းမှုတွေ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေး စစ်တပ် (IDF)က အဲဒီ တိုက်ခိုက်မှုကို အစ္စရေးရဲ့ နာမည်ကျော် Iron Domeနဲ့ Arrow လေကြောင်း ကာကွယ်ရေး စနစ်တွေ အသုံးပြုပြီး ကြားဖြတ် ဟန့်တားခဲ့ကြောင်း အတည်ပြုပေမယ့် အောင်မြင်ခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မှတ်ချက် ပေးမသွားပါဘူး။

နေတန်ယာဟူက အခုဖြစ်စဉ်အတွက် အစိုးရအဖွဲ့ အစည်းအဝေး တရပ်ကို ခေါ်ယူခဲ့ပြီး စစ်ရေးအရ တုံ့ပြန်တာမျိုး ရှိလာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ယီမင်ကနေ ဟိုသီတွေဟာ အစ္စရေး ပိုင်နက်ကို ဒုံးကျည်နဲ့ ပစ်ခတ်ပြီး ထိပါး ရန်စခဲ့ကြောင်း၊ ဒီအပြုအမူမျိုးအတွက် အကြီးအကျယ် ပေးဆပ်ရနိုင်တယ် ဆိုတာကို သူတို့တွေ ကောင်းကောင်း သဘောပေါက်သွားဖို့ လိုအပ်ကြောင်း သူက ဆိုပါတယ်။

ဒီလို ကိစ္စမျိုးကို လုပ်ရဲတဲ့ သူတွေဟာ ဟိုဒိုင်ဒါက ဖြစ်ရပ်မျိုးကို ထပ်ပြီး ဖိတ်ခေါ်နေတယ်ဆိုတာ မမေ့သင့်ဘူးလို့လည်း နေတန်ယာဟူက ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒါကတော့ ဇူလိုင်လတုန်းက ဟိုသီတွေ ထိန်းချုပ်ထားရာ ယီမင် ဆိပ်ကမ်းမြို့ ဟိုဒိုင်ဒါကို အစ္စရေး တိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဟိုသီတွေရဲ့ ဒရုန်းကြောင့် တဲလ်အဗစ်ဗ်နားမှာ အစ္စရေး အရပ်သားတဦး သေဆုံးခဲ့တဲ့အပေါ် အစ္စရေးက လက်တုံ့ပြန်ခဲ့တာပါ။

တဖက်မှာတော့ ဟိုသီခေါင်းဆောင် အက်ဘ်ဒူလ် မာလက်ခ် အယ်လ်ဟိုသီက အစ္စရေးဟာ နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေကို မျှော်လင့်ထားသင့်တယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ခြိမ်းခြောက်သွားခဲ့ပါတယ်။ ဟိုသီတွေဟာ အဆင့်မြင့် ဒုံးကျည် လက်နက်တွေကို တိုးမြှင့် ပိုင်ဆိုင်နေပြီး အစ္စရေး လေပိုင်နက်ကို ထိုးဖောက်မယ့် တိုက်ခိုက်နိုင်စွမ်းကလည်း ပိုမို ကြီးထွားလာမှာ ဖြစ်တယ်လို့ သူက ပြောကြားသွားပါတယ်။

 Ref: Guardian