ဆေးသင်တန်းသား ၁၈ ဦး ရေစီးနဲ့ မျောပါသေဆုံးမှုကိုစုံစမ်းစစ်ဆေးမယ်လို့ KNDF ပြော

Photo – Karenni People’s Voice

စက်တင်ဘာ ၊ ၁၃

ဆေးသင်တန်းတက်ရောက်နေတဲ့ သင်တန်းသား ၁၈ ဦး စက်တင်ဘာ ၁၁ ရက်နေ့ ညက မတော်တဆဖြစ်ပြီး ရေစီးနဲ့ မျောပါသေဆုံးသွားတာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

“ပြောလို့ရတာတခုက ရုပ်အလောင်းတော့ အကုန်လုံးပြန်ရပါတယ်” လို့ KNDF စစ်ရေးချုပ် ခူးရီဒူက DNA ကို ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း တနေရာမှာ သင်ခန်းစာမစ်ရှင် လေ့ကျင့်တဲ့အနေနဲ့ ရေချောင်းတခုကို ဖြတ်ကျော်ဖို့ ကြိုးပမ်းနေချိန် မတော်တဆဖြစ်ပြီး ရေစီးနဲ့ မျောပါသွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အခုလို ဆေးသင်တန်းသားတွေ အသက်ဆုံးရှုံးခဲ့ရမှုအပေါ် သက်ဆိုင်ရာမိသားစုဝင်တွေ၊ တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ ဝမ်းနည်းကြေကွဲရပြီး ဗဟိုအနေနဲ့လည်း လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

KNDF ဆေးဌာနက ဖွင့်လှစ်ထားတဲ့ အဲဒီဆေးသင်တန်းဟာ KNDF နဲ့ တပ်ပေါင်းစုံရဲ့ လိုအပ်ချက်အရ လူ့စွမ်းအား အရင်းအမြစ် တိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်ထားပြီး အဲဒီသင်တန်းကနေ ဆေးတပ်သားတွေ တိုးပွားလာ စေ ဖို့လည်း ရည်မှန်းထားခဲ့တာလို့ KNDF က ဆိုထားပါတယ်။

ရာဂီ စူပါတိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်နဲ့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အနှံ့ စက်တင်ဘာ ၁၀ ရက်နေ့လောက်ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ရေဘေးကြောင့် သေဆုံးသူ လည်း ငါးဆယ်ဝန်းကျင်အထိ ရှိလာနေပြီဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာတော့ မိုးအဆက်မပြတ်ရွာတာကြောင့် သံလွင်မြစ်၊ ပွန်ချောင်း၊ ထူးချောင်းအပါအဝင် မြစ်ချောင်းတွေ ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့အပြင် တောင်ပြိုတာ၊ မြေပြိုတာတွေဖြစ်နေတဲ့ အကြောင်း စက်တင် ဘာ ၁၂ ရက်က ထုတ်ပြန်သတိပေးထားပါတယ်။

နွေဦးတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Naypyitaw PDF တပ်ဖွဲ့ကလည်း တပ်ရင်းအမှတ် ၉၀၁က တပ်ဖွဲ့ဝင်နှစ်ဦး ဟာ ရေဘေးသင့် ပြည်သူတွေကိုကယ်ထုတ်ရင်း ရေထဲမျောပါပျောက် ဆုံးနေတယ်လို့ ဒီကနေ့အသိပေးထားပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။