ဩဂုတ်၊ ၃၀
ဂါဇာ ကမ်းမြှောင်ဒေသမှာ ကလေးတွေအတွက် ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးနိုင်အောင် အချိန်အကန့်အသတ်နဲ့ တိုက်ပွဲတွေ ရပ်နားထားဖို့ အစ္စရေးက သဘောတူလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အစ္စရေး အာဏာပိုင်တွေဟာ လူသားချင်း စာနာမှု ရှုထောင့်ကနေ ချဉ်းကပ်တဲ့ ယာယီ အပစ်ရပ် အချိန်အပိုင်းအခြားတွေ သတ်မှတ်ပေးဖို့ လက်ခံခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
WHOနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက အကောင်အထည်ဖော်မယ့် အဲဒီ မစ်ရှင်ဟာ ဂါဇာအနှံ့က ကလေးငယ် ၆၄၀၀၀၀ လောက်ကို ပိုလီယို ကာကွယ်ဆေးတိုက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စတင်မယ်လို့ ဆိုပါတယ်။
အဲဒီ အစီအစဉ်ကို ဂါဇာရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေမှာ အဆင့်သုံးခု ပိုင်းခြား အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ရပ်စဲပေးထားမယ့် အချိန်ကာလ သတ်မှတ်ချက်တွေကိုတော့ လောလောဆယ် တိတိကျကျ မထုတ်ပြန်သေးပါဘူး။
အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဂါဇာမှာ ၁၀ လအရွယ် ကလေးငယ်တဦး ပိုလီယို ကူးစက်ခံရပြီး မသန်စွမ်း အခြေအနေ ဖြစ်သွားတဲ့နောက် WHOဟာ ကာကွယ်ဆေးကိစ္စအတွက် အစ္စရေးနဲ့ အကျေအလည် ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂါဇာမှာ ၂၅ နှစ်တာအတွင်း ပထမဆုံး တွေ့ရတဲ့ ပိုလီယို ကူးစက်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
WHOရဲ့ အဆိုအရ ကလေးတွေကို ပါးစပ်ကနေ တိုက်ရတဲ့ (ထိုးဆေးမဟုတ်တဲ့) ပိုလီယို ကာကွယ်ဆေး ယူနစ်ပေါင်း ၁.၂၆ သန်းဟာ ဂါဇာကို ရောက်ရှိနေပြီး နောက်ထပ် ယူနစ် ၄ သိန်းက မကြာခင် ထပ်ရောက်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ကာကွယ်ဆေးတိုက်မယ့် အစီအစဉ်အတွက် ကုလသမဂ္ဂနဲ့ WHO ဝန်ထမ်းတွေ၊ ဒေသခံ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ စုစုပေါင်း အရေအတွက် ၂၀၀၀ လောက် စုစည်းထားတယ်လို့ ဆိုပါတယ်။
WHOဟာ ဂါဇာဒေသ တခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး အထောက်အပံ့ လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဂါဇာမှာ ပိုလီယို ရောဂါ တကျော့ပြန် ခေါင်းထောင်မလာခင် အမြန်ဆုံး ဦးချိုးနိုင်အောင် အပူတပြင်း လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း WHOက ပြောကြားထားပါတယ်။
Ref: Guardian