ဩဂုတ်၊ ၃၀
ထိုင်းနိုင်ငံက ဆောက်လက်စ မီးရထား ဥမင်လှိုဏ်ခေါင်း ပြိုကျမှုမှာ မြန်မာတဦး အပါအဝင် ပိတ်မိ အလုပ်သမား ၃ ယောက်စလုံး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်း-တရုတ် အဝေးပြေး ရထားလမ်းပိုင်းရဲ့ အစိတ်အပိုင်း ဥမင်တခု ပြိုကျရာက မြန်မာနိုင်ငံသား ထရပ်ကား မောင်းသူ တဦး၊ တရုတ် အလုပ်ကြပ်တဦးနဲ့ တရုတ် မြေတူးစက် ယာဉ်မောင်းတဦးတို့ဟာ အပျက်အစီးတွေအောက် ပိတ်မိနေခဲ့တာပါ။
ထိုင်းကယ်ဆယ်ရေး အဖွဲ့တွေဟာ အကြီးစား စက်ယန္တရားတွေကိုပါ အသုံးပြုပြီး အပျက်အစီးတွေကို ရက်အတော်ကြာ အချိန်ယူ ဖယ်ရှားခဲ့တဲ့နောက် ဩဂုတ် ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံသားရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။ သူဟာ အသက်ရှူ မွန်းကျပ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ယူဆရပေမယ့် သေမှုသေခင်း အတည်ပြု စစ်ဆေးချက်တွေကိုတော့ စောင့်ဆိုင်းနေဆဲလို့ ဆိုပါတယ်။
ပက်ခ်ချောင်ခရိုင်မှာ အကြီးစား ကယ်ဆယ်ရေး မစ်ရှင်တွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဟာ ဩဂုတ် ၃၀ ရက်နေ့မှာတော့ ပိတ်မိနေသူ ၃ ယောက်စလုံး သေဆုံးခဲ့ပြီ ဆိုတာကို အတည်ပြု ကြေညာခဲ့ပါတယ်။ သေဆုံးမှု အကြောင်းရင်းကတော့ ဥမင်ထဲမှာ အောက်စီဂျင် ပြတ်တောက်သွားတာကြောင့်လို့ ကနဦး ယူဆထားပါတယ်။
ကယ်ဆယ်ရေး ကဏ္ဍကို ထိုင်းအစိုးရ ရထားပို့ဆောင်ရေးဌာန (SRT)နဲ့ တရုတ်ရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။ အစောပိုင်းတုန်းက သူတို့ဟာ ပိတ်မိနေသူတွေ အသက်ရှင်နေဆဲလို့ မျှော်လင့်ပြီး ဥမင် အပျက်အစီးတွေကြားထဲကို အောက်စီဂျင် ဓာတ်ငွေ့တွေ ထိုးထည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီ အောက်စီဂျင် ပိုက်တွေက ပိတ်မိနေသူတွေဆီ ရောက်ရှိခဲ့သလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
မြန်မာ ထရပ်ကား ယာဉ်မောင်းကို စတင်တွေ့ရှိချိန်က အလောင်းနားမှာ အပျက်အစီးတွေ ပိမိနေတဲ့ ထရပ်ကားပါ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၃ ယောက်စလုံးကို ဥမင် စတင်ပြိုကျတဲ့ နေရာကနေ ၂၅ မီတာ ဝန်းကျင် အကွာမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန် အတောအတွင်း နောက်ထပ် ဥမင် အစိတ်အပိုင်းတွေ ပြိုကျနိုင်ခြေကို စိုးရိမ်ရတာကြောင့် နှောင့်နှေးမှုတွေလည်း ကြုံတွေ့ခဲ့ပါသေးတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင် ချာဗီရာကူလ်က အာဏာပိုင်တွေ အနေနဲ့ ပိတ်မိနေသူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့သာ မကဘဲ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ လုံခြုံရေးကိုပါ အလေးပေး စဉ်းစားခဲ့ရကြောင်း ပြောပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေကိုတော့ လောလောဆယ် မကြေညာသေးပါဘူး။
အလောင်း ၃ လောင်းစလုံးကို ဩဂုတ် ၃၀ ရက်နေ့မှာတော့ ဥမင်ထဲကနေ သယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က အခုကိစ္စကို အမှုဖွင့် စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
Ref: BBC