ဧရာဝတီတိုင်းရေဘေးသင့်ပြည်သူတွေအတွက် WFP က စားနပ်ရိက္ခာအကူအညီပေးမယ်

Photo -WFP

ဩဂုတ်၊ ၂၇

ဧရာဝတီတိုင်းအတွင်း ရေကြီး၊ရေလျှံမှုတွေကြောင့် ရေဘေးသင့်ရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီ တွေအခုရက်သတ္တပတ်အတွင်းစတင်ပေးဝေနေတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ပြော ပါတယ်။

မိုးရေချိန်မြင့်တက်တာကြောင့် နိုင်ငံတဝန်း ရေကြီး၊ရေလျှံမှုတွေကြုံနေရတဲ့ လက်ရှိမိုးရာသီအတွင်း ဧရာဝတီတိုင်း ကရေဘေးသင့်ဒေသတွေမှာလူဦးရေငါးသိန်းလောက်နေထိုင်ကြတယ်လို့ WFPကခန့်မှန်းထားပြီးလာမယ့်ရက် တွေအတွင်း ရေဘေးသင့်သူ ၃၅,၀၀၀လောက်အတွက် ဆန်နဲ့ ဘီစကစ်တွေထောက်ပံ့ပေးဖို့စီစဉ်ထားတယ်လို့သိ ရ ပါတယ်။

ဒါ့အပြင် လတ်တလော အာဟာရ ချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်စေဖို့ မိခင်နဲ့ကလေးတွေအတွက်အာဟာရ အထောက်အပံ့တွေပါ တွဲဖက်ပေးအပ်မယ်လို့ WFPကအသိပေးထားပါတယ်။၂၀၁၅ခုနှစ် ရေကြီးရေ လျှံမှုကြုံ ရချိန်က ဧရာဝတီတိုင်းမှာ ကူညီထောက်ပံ့မှုတွေလုပ်ခဲ့တဲ့နောက် အခုကူညီရေး အစီအစဉ်ဟာ WFP က ဧရာဝတီ တိုင်းမှာ ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် ကူညီမှုတွေပြန်လုပ်တာဖြစ်ပါတယ်။

“မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်၊အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊အထူးသဖြင့် တနိုင်တပိုင်လယ်ယာလုပ်ကိုင်သူ တွေရဲ့စားနပ်ရိက္ခာဖူလုံမှုကိုထိခိုက်စေနိုင်ပါတယ်”လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Sheela Matthew က ပြောကြောင်း WFPရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိ ရေကြီး ရေလျှံမှုမကြုံရခင်ကတည်းက ဧရာဝတီတိုင်းအတွင်းမှာရှိတဲ စုစုပေါင်းလူဦးရေရဲ့ လေးပုံတပုံ လောက် (၁ဒသမ၅သန်း)ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ မှတ်တမ်းအချက်အလက်တွေမှာဖော်ပြထားပါတယ်။

ရေကြီး၊ရေလျှံမှုတွေကြောင့် ဧရာဝတီတိုင်းအတွင်း လယ်မြေဧက သိန်းနဲ့ချီ ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့ပြီး အပြင်းထန်ဆုံးထိခိုက်ခဲ့တဲ့ဒေသတွေမှာတော့ စားနပ်ရိက္ခာ၊သောက်သုံးရေနဲ့ တကိုယ်ရေသန့်ရှင်းရေးအကူ အညီတွေလိုအပ်နေတယ်လို့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီတွေက သုံးသပ်ထားကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ မြန်မာနိုင်ငံ အထက်ပိုင်းကနေ အောက်ပိုင်းအထိ ဒေသအနှံ့မှာ မိုးများပြီး မြစ်ရေမျက်နှာပြင် တွေမြင့်တက်လာတာကြောင့် လူနေမြို့ရွာတွေ ရေကြီး၊နစ်မြုပ်မှုတွေဆက်တိုက်ကြုံနေရပါတယ်။

WFP အနေနဲ့ကတော့ အဲဒီရေဘေးသင့်ဒေသတွေထဲက ကချင်နဲ့ကရင်ပြည်နယ်တွေ၊စစ်ကိုင်း၊ပဲခူး၊မကွေး၊မန္တလေး တိုင်းတို့က ရေဘေးသင့်သူ စုစုပေါင်း လူဦးရေ ၁၃,၀၀၀၀ လောက်အတွက်အသက်ကယ်ဆယ်ရေး ရိက္ခာအကူ အ ညီတွေ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။