ဩဂုတ် ၊ ၂၄
ရုရှားရဲ့ လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင် တခုမှာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အကျဉ်းသားတွေ တိုက်ခိုက်မှုကြောင့် ထောင်ဝန်ထမ်း ၄ ဦး သေဆုံးခဲ့ပါတယ်။
ဆူရိုဗင်ကီနို မြို့မှာရှိတဲ့ အကျဉ်းထောင်ထဲမှာ အဲဒီ အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်တဲ့ ထောင်သားတွေက ထောင်ဝန်ထမ်းတွေ အပါအဝင် လူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်းမှာ အကျဉ်းထောင်ဝန်ထမ်း ၄ ဦး သေဆုံးခဲ့ပြီး နောက်ဆုံးမှာတော့ ကျူးလွန်သူတွေ အားလုံးကို ရုရှား အထူးတပ်ဖွဲ့ဝင်တွေက ချေမှုန်းနိုင်ခဲ့ကြောင်း အစိုးရ မီဒီယာက ဖော်ပြသွားခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက်နေ့တုန်းက အကျဉ်းထောင်ကို ရုရှားရဲ့ အမျိုးသား အစောင့်တပ် အထူးယူနစ်က တာဝန်ယူ စီးနင်းခဲ့ပြီး ဓားစာခံ တချိုု့ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဓားစာခံတွေ ဖမ်းဆီးထားတဲ့ တိုက်ခိုက်မှုကို ကျူးလွန်တဲ့ အကျဉ်းသား ၄ ဦးစလုံးကို လက်ဖြောင့် တပ်သားတွေက ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ ယူနီဖောင်းဝတ် ထောင်ဝန်ထမ်း သုံးဦးလောက် သွေးအိုင်ထဲ လဲနေတာကို တွေ့ရပြီး တဦးရဲ့ လည်ပင်းက လှီးဖြတ် ခံထားရပါတယ်။ ပြီးတော့ ဓားစာခံတွေကို ဖမ်းဆီးခဲ့တဲ့ ထောင်သား တယောက်ဟာ အိုင်အက်စ် အလံလို့ ယူဆရတဲ့ သင်္ကေတ တခုကို ထောင်ထဲမှာ ထားရှိ ပြသထားခဲ့တာကိုလည်း တွေ့ရပါတယ်။
တိုက်ခိုက်မှု ဘယ်လိုစတင်ခဲ့သလဲ၊ ဘယ်လို နောက်ခံ အခြေအနေတွေကြောင့် ကျူးလွန်ခဲ့သလဲ ဆိုတာတွေကိုတော့ လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။ ထောင်သား တယောက်ကတော့ အခုကိစ္စဟာ မော်စကိုမြို့နားက ဇာတ်ရုံတခုကို စီးနင်းခဲ့တဲ့ စစ်သွေးကြွတွေကို ရုရှားအာဏာပိုင်တွေက ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုအဖြစ် ဗီဒီယို တခုမှာ ပြောကြားထားပါတယ်။ မတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ အဲဒီ Crocus ဇာတ်ရုံ တိုက်ခိုက်မှုကြီးမှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ဇွန်လတုန်းကလည်း ရုရှားရဲ့ ရော့စတော့ဗ်မြို့မှာ တရားရုံး ကြားနာမှု မတိုင်ခင် အကျဉ်းသားတွေကို ယာယီ ချုပ်နှောင်ထားရာ နေရာတခုမှာ အစောင့် နှစ်ဦးဟာ ထောင်သား ၆ ယောက်ရဲ့ ဓားစာခံအဖြစ် နာရီအတော်ကြာ ဖမ်းဆီးမှုကို ခံခဲ့ရဖူးပါတယ်။ အဲဒီ လုပ်ရပ်ကို ကျူးလွန်သူတွေဟာလည်း အိုင်အက်စ်နဲ့ အဆက်အစပ် ရှိသူတွေဖြစ်ပြီး အားလုံး သုတ်သင် ခံခဲ့ရသလို ဓားစာခံတွေကို ဘေးကင်းကင်းနဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
Ref: CNN