Photo – Google
ဩဂုတ်၊ ၂၁
အာရက္ခတပ်တော်(AA)က ထိုးစစ် ဆင်နေတဲ့ဂွမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လူနေရွာထဲ စခန်းချနေထိုင်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးပစ်ခတ်တာတို့ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွှတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီ(တပ်)က ရွာမှာ နေတယ်၊ လမ်းတလျှောက်အိမ်တွေဆို ဘာမှ မကျန်တော့ဘူး သူတို့ ဖောက်ထားကြတာ၊ ရွာသားတွေကိုလည်း ငါတို့ ရွာကို သိမ်းလိုက်ပြီ၊ နင်တို့ အကုန်ထွက်ကြ၊ ဘယ်သူ့မှ မနေနဲ့ဆိုပြီး နင်ထုတ်တယ်” လို့ ကျိန္တလီမြို့အနီး ရတနာမြိုင်ရွာမှ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့ နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ ကပ်ရပ်မှာရှိတဲ့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး ဂွမြို့နယ် ကျိန္တလီမြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တောင်ဖက်အစွန်ဆုံးမှာရှိပြီး ဧရာ၀တီတိုင်းနဲ့ပါ ထိစပ်နေတဲ့ ဂွမြို့နယ်အတွင်းမှ တပ်စခန်းတွေ တိုက်ခိုက်ခံနေရပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ လူနေရွာတွေထဲ စခန်းချ၊ ဖမ်း ဆီးတာတွေ ဆက်တိုက်လုပ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
AA ထိုးစစ်ကြောင့် ကျိန္တလီမြို့ကနေ တပ်ဆုပ်ပြေးလာကြရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီအနီးမှာရှိတဲ့ ရတနာမြိုင်၊ ကျောက်ပါးစပ်စတဲ့ရွာတွေထဲ စခန်းချနေထိုင်ပြီး ရွာသားဆယ်ချီကို ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။
အင်အားတရာ၀န်းကျင်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ရွာထဲနေ အိမ်တွေရှိ ဆိုင်ကယ်၊ မီးစက်၊ စားသောက်ကုန်စတဲ့ ပစ္စည်းတွေကိုလည်း ဖောက်ထွင်းခိုးယူထားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
“အဖမ်းခံရတဲ့သူတွေတော့ ပြန်လွှတ်ပြီ၊ ဒါပေမယ့် ရွာထဲ၀င်လို့ လုံး၀မရတော့ဘူး၊ အကုန်လုံး ဘာပစ္စည်းမှတောင် ယူဖို့မရဘဲ ပြေးနေရတယ်”လို့ ရတနာမြိုင်ရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်နှစ်ခု အခြေစိုက်ထားတဲ့ ဂွမြို့ပေါ်၊ မြို့အနီး၀န်းကျင်ကျေးရွာတွေနဲ့ကျိန္တလီ – ဂွလမ်းတလျှောက်ရှိ စစ်ကောင်စီစခန်းအနီး၀န်းကျင်ရွာတွေမှ ဒေသခံတွေဟာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။
“တပ်ရင်းထဲက လက်နက်ကြီး ခဏ ခဏပစ်တယ်၊ အမြှောက်တွေလည်း ထပ်ထောင်ထားတယ်၊ နေဗီလည်း လေးငါးစီး ရောက်နေတယ်၊ အခု မြို့ထဲမှာလည်း လူ သုံးပုံတပုံလောက်ပဲ ကျန်တော့တယ်၊ ကျွန်မတို့လည်း ပြေးနေတယ်”လို့ ဂွမြို့အနီး ရဟိုင်ကူးတို့ရွာမှ ဒေသခံတဦးက ပြောပါတယ်။
ပင်လယ်နဲ့ ရိုးမတောင်တန်းကြားမှာ တည်ရှိတဲ့ ဂွမြို့နယ်အတွင်းမှ ဒေသခံတွေဟာ ရိုးမကျော်ပြီး ဧရာ၀တီတိုင်းမြိုနယ်တွေနဲ့ ရန်ကုန်တို့ဆီ တိမ်းရှောင်နေကြရတာဖြစ်ကာ လမ်းတလျှောက် တင်းကြပ်တဲ့ စစ်ဆေးမှုတွေနဲ့ ကြုံရပြီး စားရေး၊ နေရေးအခက်အခဲလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။
“ဖြစ်လာရင် ပြေးစရာနေရာလည်း မရှိတော့ မတတ်သာလို့ ပြေးရတာ၊ လမ်းမှာလည်း သူခိုးတွေကို စစ်သလို စစ်တာခံရတယ်”လို့ ဂွမြို့နယ်မှ ရန်ကုန်သို့ တိမ်းရှောင်လာသူတဦးက ပြောပါတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၅) လက်အောက်ခံ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တို့ အခြေစိုက်ထားတဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားတိုးချတာတွေ လုပ်နေပြီး ဧရာ၀တီတိုင်း ရေနံသာ – ဂွလမ်းတလျှောက်နဲ့ ဂွ – ကျိန္တလီလမ်းတလျှောက်တို့မှာလည်း ရှေ့တန်းတပ်စခန်း ဆယ်ချီ ထပ်ချထားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဂွမြို့ပေါ် စစ်ကောင်စီလက်အောက်ခံ ၀နျထမျးအမြားစုကတော့ ဂွမြို့နယ်အတွင်းသို့ AA ထိုးစစ် စရောက်လာချိန် အခုလဆန်းပိုင်းကတည်းက ဧရာ၀တီတိုင်းဆီ ပြောင်းရွေ့သွားကြပြီလို့ နီးစပ်သူတွေက ပြောထားကြပါတယ်။
လက်ရှိမှာတော့ ဂွမြို့နယ် ကျိန္တလီအနီး၀န်းကျင်စစ်ကောင်စီတပ်စခန်းတွေအနီးမှာ တိုက်ပွဲအချို့ မကြာခဏ ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်လို့ သေဆုံးရတဲ့ အရပ်သားတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေကို နှင်းမိလို့ သေဆုံး၊ ဒဏ်ရာရသွားတဲ့ အရပ်သား ဆယ်ဦးဝန်းကျင်ရှိပြီဖြစ်ပြီး အာရက္ခတပ်တော်(AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံထားရသူဟာလည်း နှစ်ဆယ်ဝန်းကျင်ထိ ရှိပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်းပိုက်ထားပြီး သံတွဲနဲ့ မောင်တောတို့ကိုပါ အပြီးသတ်သိမ်းနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ AA ဟာ ရခိုင်ပြည်နယ်တခုလုံးမှ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်၊ သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပါတယ်။