အင်းတော်မှာတိုက်ပွဲဆက်ဖြစ်နေပြီး မြို့ခံအများစုနေရပ်စွန့်ခွာ၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေရှိနေ

Photo – Google (စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာပါဝင်နေတဲ့ KPDF တပ်ဖွဲ့ဝင်တဦး)

ဩဂုတ်၊ ၂၀

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေ ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံနှစ်သောင်းလောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြပြီး စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေဆဲပေါ့၊ဒေသခံတွေကတော့ ထိခိုက်တာတွေရှိသလို၊ သေတာတွေလည်းရှိတယ်၊  အင်းတော်မြို့ရဲ့အနီးပတ်ချာလည်တဝိုက်ကတော့ စစ်ဘေးရှောင်နှစ်သောင်းကျော်လောက်ရှိမယ်”လို့ အင်းတော် မြို့နယ်ဒေသခံတဦးက DNAကိုပြောပါတယ်။

အင်းတော်မြို့ကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်ပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာရေးသားပြော ဆိုမှုတွေရှိပေမယ့် မမှန်ကန်ဘူးလို့ အင်းတော်ဒေသခံကပြောပါတယ်။

လက်ရှိမြေပြင်မှာတိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီက ဩဂုတ် ၁၆ရက်ကစလို့ မနေ့ညကအထိ သုံးရက် ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီး စုစုပေါင်း ဗုံးအလုံးနှစ်ဆယ်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တော်လှန်ရေးအင်အားစုတွေက အင်းတော် အခြေစိုက် စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်လာတဲ့နောက် အင်း တော်မှာ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံရတဲ့အခြေအနေဖြစ်နေပြီး ဒီကနေ့မနက်ပိုင်းမှာတော့ အော်ရီဒူးဖုန်း လိုင်းနဲ့ ပြန်လည်အသုံးပြုလို့ရနေတယ်လို့ မိသားစုတွေနဲ့အဆက်အသွယ်ရခဲ့တဲ့ ဒေသခံတချို့ကပြောပါတယ်။

ဒါ့အပြင် အင်းတော်မြို့ထဲကို စစ်ရှောင်ပြည်သူတွေပြန်ဝင်နေကြပြီဆိုတဲ့ ရေးသားဖော်ပြချက်တချို့လည်း ရှိနေပေ မယ့် DNA နဲ့အဆက်အသွယ်ရတဲ့ အင်းတော်ဒေသခံကတော့ အဲ့ဒီအခြေအနေကို ငြင်းဆိုပါတယ်။

“စစ်အုပ်စုဘက်ကများဖြန့်နေလားတော့မပြောတတ်ဘူး၊မြို့ထဲပြန်ဝင်တဲ့ပြည်သူလည်းမရှိပါဘူး၊မြို့ထဲမှာလည်းပြည်သူတွေတယောက်မှမရှိတော့ပါဘူး၊အကုန်လုံးက လွတ်ရာ၊ကျွတ်ရာစစ်ဘေးရှောင်နေတယ်၊ ပြီးတော့အင်းတော် မြို့ကိုသိမ်းနိုင်တယ်ဘာညာဆိုတာလည်းအခုမှတိုက်ပွဲကဖြစ်နေတုန်း”လို့အထက်ပါ အင်းတော်ဒေသခံက ပြောပါ တယ်။

အင်းတော်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို DNA က ဆက်သွယ်ဖို့ ကြိုးစားနေပေ မယ့် အဆက်အသွယ်မရသေးတာကြောင့် တိုက်ပွဲအခြေအနေတွေကိုတော့မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ဗန်းမောက်၊ထီးချိုင့် စတဲ့ဒေသတွေနဲ့ထိစပ်နေတဲ့ အင်းတော်မြို့နယ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသဖြစ်လာပြီး စစ်ကောင်စီကိုခုခံ တိုက်ခိုက်မှုတွေ မကြာမကြာရှိနေခဲ့တာပါ။

အင်းတော်မြို့မြောက်ဘက် မိုင်နှစ်ဆယ်ဝန်းကျင်အကွာက မော်လူးမြို့ကိုတော့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ကာ လက်ရှိအထိ ထိန်းချုပ်ထားပါတယ်။အလားတူ ပြီးခဲ့တဲ့ နှစ်လဝန်း ကျင်အကြာ ဇွန်လကုန်ပိုင်းကလည်း အင်းတော်မြို့ အနောက်မြောက်ဘက် အဖြောင့်တိုင်း ခုနစ်မိုင်ဝန်းကျင် အ ကွာ နန့်သာရွာကစစ်ကောင်စီအခြေစိုက်စခန်းတွေသိမ်းပိုက်ခံခဲ့ရပါသေးတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းက ထီးချိုင့်မြို့အပါအဝင် စစ်ကိုင်း တိုင်းအထက်ပိုင်းဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်လှုပ်ရှားမှုတွေအင်အားကောင်းခဲ့ပြီး လက်ရှိ ရှမ်းမြောက် ၁၀၂၇ ဒုတိယလှိုင်းကာလမှာလည်း မန္တလေး၊စစ်ကိုင်း ဒေသတွေမှာ အလားတူထိုးစစ်ဆင်မှုတွေ ရှိနေ တာပါ။

ဒီကာလအတွင်း MDY-PDF နဲ့ ပူးပေါင်းတပ်တွေဟာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တခုလုံးကိုသိမ်းပိုက်ထားကာ၊ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းနဲ့ အထိုင်ချစခန်းနဲ့ ရဲစခန်းတွေကိုလည်း သိမ်းပိုက် ထားကာ မန္တလေးမြို့တောင်ဘက်က မြင်းခြံ၊တောင်သာ၊နွားထိုးကြီး၊ငါန်းဇွန်ဒေသတွေမှာလည်း ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာလည်း ဒီပဲယင်းမြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ် ကောင်စီတပ်က အင်အားဖြည့်ပြန်လည်ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေးအင်အားစုတွေက မြို့တွင်းကနေ နေ့တွင်းချင်းပြန်ဆုတ်ခွာပေးထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ အင်းတော်မြို့မှာ လက်ရှိတိုက်ပွဲဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့ တောင်ဘက် ဧရာဝတီမြစ်ကမ်းပေါ်ကမန္တလေးတိုင်းနဲ့ ထိစပ်ဒေသထဲမှာရှိနေတဲ့ ထီးချိုင့်မြို့မှာလည်း စစ်ကောင်စီ က ဂျက်ဖိုက်တာ၊Y-12 လေယာဉ်တွေနဲ့ ဒီကနေ့ မနက် အစောပိုင်းက စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၇ကြိမ် ပြုလုပ်ကာ ဗုံးသီးတွေကြဲချခဲ့တယ်လို့ Tigyaing Revolution-TR က အသိပေးထားပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတချို့အထိအခိုက်ရှိတယ်လို့ကနဦးသိရပေမယ့် အသေးစိတ်အခြေ အနေတွေမသိရသေးသလို မြေပြင်တိုက်ပွဲရှိမရှိဆိုတာလည်း တိတိကျကျမသိရသေးပါဘူး။