ငါန်းမြာကြီးရဲစခန်းသိမ်းတိုက်ပွဲမှာ သေနတ်ကိုးလက်နဲ့ သုံ့ပန်းခုနစ်ဦးကိုတော်လှန်ရေးတပ်တွေဖမ်းမိ

Photo ko nway Oo-myaung

ဩဂုတ်၊ ၁၉

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲက ငါန်းမြာကြီးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီကနေ့မနက်ပိုင်း ကတိုက်ခိုက်သိမ်းပိုက်ရာမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့သလို သေနတ်ကိုးလက်နဲ့ စစ်သုံ့ပန်း ခုနစ်ဦးဖမ်းဆီးရရှိခဲ့ တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

“စခန်းသိမ်းပြီးတဲ့နောက်စခန်းပတ်ဝန်းကျင်မှာ(တိုက်ပွဲ)ဖြစ်တာမျိုးတော့မရှိတော့ဘူးဗျ၊ဘေးပတ်ဝန်းကျင်တွေမှာတော့ရှိတယ်လို့သိရတယ်၊စခန်းတွင်းကတော့ အကုန်ရှင်းလင်းပြီးသွားပြီ၊ပြေးတာတွေလည်းပြေး ဖမ်းမိတာတွေ လည်းဖမ်းမိ၊လေကြောင်းရော၊ရေကြောင်းရောအကုန်ငြိမ်သွားမှရဲဘော်တွေလည်းပြန်ဆုတ်လာနိုင်ခဲ့တယ်”လို့ အဲ့ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ CDSOM က ကိုနွေဦး(မြောင်) က DNAကို ပြောပါတယ်။

ငါန်းဇွန်မြို့နယ် အနောက်တောင်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်မှာရှိတဲ့  ငါန်းမြာကြီးရွာရဲစခန်းကို ဒေ သတွင်းတော်လှန်ရေးတပ်ဖွဲ့ခြောက်ဖွဲ့က ဒီကနေ့ မနက်လေးနာရီမှာစတင်တိုက်ခိုက်ပြီး နာရီပိုင်းအတွင်း သိမ်း ပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်းဖမ်းမိတဲ့သုံ့ပန်းခုနစ် ဦးထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး၊နွားထိုးကြီးတိုက်ပွဲကြောင့် ငါန်းမြာကြီးကို ပြောင်းရွှေ့ခံရတဲ့ ဒုတပ်ကြပ်တဦး၊ရဲတပ်သားသုံးဦး၊ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးအမျိုးသမီးနှစ်ဦးလည်း ပါဝင်တယ်လို့ ကိုနွေဦး(မြောင်) ကပြောပါတယ်။

ဖမ်းမိထားသူတွေထဲက ရဲတပ်သားတဦးရဲ့ ဇနီးသည်အမျိုးသမီးတဦးဟာ အသက် ၁၆နှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့ ခင်ပွန်းရဲတပ်သားကတော့ ထွက်ပြေးသွားတယ်လို့ ကိုနွေဦး(မြောင်)ကဆက်ပြောပါတယ်။

ငါန်းမြာကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့သလို စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်အတွင်း ခြောက်မိုင်ဝန်းကျင်လောက်ဝေးတဲ့ ဆီမီးခုံရေနက်ဆိပ် ကမ်း ဘက်ကနေ ရေယာဉ်နဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက် ပစ်ခတ်မှုလည်း လုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေကပြောပါတယ်။

အလားတူ ခြေလျင်တပ်ကူတွေလည်း စေလွှတ်အင်အားဖြည့်ခဲ့သေးတယ်လို့ သိရပါတယ်။ငါန်းဇွန်ပကဖကတော့ ငါန်းမြာကြီးစခန်းကိုသိမ်းပိုက်ထိန်းချုပ်ထားကြောင့် ဒီကနေ့ မနက်ပိုင်းကအသိပေးထားပြီး အသေးစိတ်အချက် အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်ကိုင်းတိုင်းမြောင်မြို့နယ်နဲ့ ဧရာဝတီမြစ်သာခြားတဲ့ ငါန်းမြာကြီးကျေးရွာဟာ နိုင်ငံတဝန်းကတိုက်ပွဲပြင်းထန်တဲ့ ဒေသတွေဆီ လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ စစ်ကောင်စီလေတပ်အခြေစိုက်ရာ တံတားဦးလေဆိပ်နဲ့ ကုန်း လမ်းအတိုင်း ၃၈မိုင်ဝန်းကျင်သာဝေးပါတယ်။

ငါန်းမြာကြီးရဲစခန်းတိုက်ပွဲကို မြောင်မြို့နယ်အခြေစိုက် CDSOMတပ်ဖွဲ့၊ငါန်းဇွန်မြို့နယ် ပကဖ၊မန္တလေးခရိုင် PDF တပ်ရင်း(၅)၊နောင်ရိုးအဖွဲ့၊မြင်းခြံဟီးရိုး၊BLACK TIGERစတဲ့ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန် ရေးတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

“ဘုံရန်သူတူနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ရန်သူက ဒီတခုတည်းဆိုတဲ့စိတ်မျိုးနဲ့ပူးပေါင်းပြီး တော့တိုက် ပွဲဝင်ကြတာဗျ၊ကျွန်တော်တို့ပူးပေါင်းပြီးလုပ်တာကအခုမှတော့မဟုတ်ဘူး၊ဟိုးအရင်ကတည်းက ဒီလိုမျိုးပဲ လုပ်ခဲ့ တာဆိုတော့ဒီဟာကတော့ ကျွန်တော်တို့အတွက်ကောင်းတဲ့ရ လဒ်တွေအများဆုံးရတဲ့အပိုင်းမှာတော့ပါတာပေါ့”လို့ ကိုနွေဦး(မြောင်)ကပြောပါတယ်။