Photo – Social Media
ဩဂုတ်၊ ၁၉
တော်လှန်ရေးတပ်တွေက ဒီပဲယင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက မန္တလေး နန်းတွင်းကနေ MI-17 ရဟတ်ယာဉ်လေးစင်းနဲ့ နေ့တွင်းချင်း အင်အားဖြည့်ပြီးပြန်လည်ထိုးစစ်ဆင်တာကြောင့် ဒီပဲ ယင်းမြို့နဲ့ အနီးတဝိုက်မှာ စစ်ရေးဆက်လက်တင်းမာနေတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေကပြောပါ တယ်။
“လောလောဆယ် သူတို့ဘက်က ပြန်သိမ်းတယ်ဆိုတဲ့အနေအထားတော့ ပြောလို့မရသေးဘူး။ကျွန်တော်တို့ လူတွေပြန်ဆုတ်ထားတယ်။သူတို့ကလည်း လေယာဉ်နဲ့(လူ)ချသွားတယ်။သိပ်တော့ကိစ္စမရှိဘူး။ သူတို့ရဲ့ထောက်တိုင်တွေအကုန်လုံးကို ကျွန်တော်တို့က ဖျက်ထားတာ”လို့ ဒီပဲယင်းအခြေစိုက် တော်လှန်ရေးအင်အားစုဝင်တဦးက DNAကိုပြောပါတယ်။
ဒီပဲယင်းမြို့ကို မနေ့ညပိုင်းကတည်းက စစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ တယ် လီဂရမ်ချန် နယ်တွေကဖော်ပြကြသလိုတော်လှန်ရေးအင်အားစုတချို့ကလည်း မြို့တွင်းကနေ ပြန်ဆုတ်ခွာပေးထားရ ကြောင်းပြောဆိုမှုတွေရှိပါတယ်။
ဒါပေမယ့် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေကတော့ လက်ရှိ ဒီပဲယင်းမြို့ဝန်းကျင်မှာ စစ်ရေးဆက် လက်တင်းမာနေဆဲအခြေအနေလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထပ်ဖြည့်အင်အားစုတွေ လက်ရှိ ဒီပဲယင်းမြို့ထဲရောက်နေတာ ဟုတ်ပေမယ့် စစ်အုပ်စုထောက်တိုင်နေရာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ဖျက်ဆီးခဲ့သလို၊Non-CDM ဝန်ထမ်းတွေနဲ့ ဒလန်တွေလည်း အလံဖြူထောင်လက်နက်ချလာတာကြောင့် လက်ရှိအထိ တော်လှန်ရေးတပ်တွေက ထိန်းသိမ်းထားတယ်လို့ အထက်ပါ တော်လှန်ရေးအင်အားစုဝင်ကပြောပါတယ်။
“အခုလောလောဆယ်တော့ သူတို့အဲ့ဒီထဲ(ဒီပဲယင်းမြို့ထဲ)မှာရှိနေတာဟုတ်တယ်။ ဒါပေမယ့် သူတိုနဲ့ပတ်သက်တဲ့ Non-CDM တွေကအစ သူတို့ဒလန်တွေဘာတွေကအစ အလံဖြူထောင်ထားတယ်၊ကျွန်တော်တို့ဘက်က ထိန်းသိမ်းထားတာဆိုတော့ သူတို့အနေနဲ့ဘာမှ လုပ်လို့မရဘူး”လို့ သူကဆိုပါတယ်။
ဒီပဲယင်းမြို့တွင်းပြန်လည်ဝင်ရောက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ဝန်ထမ်းအိမ်ရာကနေ တောင်ဘက်ကိုဦးတည်ပြီး၆၀မမလက်နက်ကြီးသုံးလုံးနဲ့ ပစ်ခတ်တာရှိပေမယ့်ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်း နေဆဲပဲလို့ ဒေသတွင်းအခြေအနေတွေဖော်ပြနေတဲ့ ဒီပဲယင်းမြို့က သတင်းတချို့ လူမှုကွန်ရက်စာမျက်နှာက ဖော် ပြပါတယ်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နေ့လယ် ပိုင်းမှာပဲ စစ်ကောင်စီက MI-17 ရဟတ်ယာဉ်နှစ်စီးစီနဲ့ နှစ်ကြိမ် အင်အားဖြည့်ခဲ့ပြီး လေကြောင်းကပစ်ခတ် တိုက် ခိုက်မှုတွေလည်း ဆက်လုပ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရဆဲပဲလို့ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့ကပြောပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမစမီ ပြီးခဲ့တဲ့ လေးရက်ကတည်းက ရေဦးဘက်ကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာတာကြောင့် ဒီပဲယင်းနဲ့ရေဦးနှစ်မြို့နယ်အစပ်ကျေးရွာတွေက ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာတိမ်း ရှောင်နေကြရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကDNAကိုပြောထားပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာနေရဆဲ ဒေသခံတွေကို စားနပ်ရိက္ခာတွေကူညီပေးနေပြီး ပြည်သူတွေအနေနဲ့ စစ်ရှောင် တွေအတွက် မြေပြင်အဖွဲ့အစည်းတွေကို ဆက်သွယ် ကူညီပေးကြဖို့လည်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခနဲ့ မိုင်လေးဆယ်လောက် သာ ဝေးတဲ့ ဒီပဲယင်းမြို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းတွေနဲ့ ဒေသတွင်း တော် လှန် ရေးပူးပေါင်းတပ်တွေက သုံးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မနေ့က မနက်ပိုင်းမှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့တာပါ။
ဒီပဲယင်းမြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီက ရေဦးမြို့ဘက်ကနေ စစ်ကူစစ်ကြောင်းတွေ စေလွှတ်ခဲ့သလို လေကြောင်းကလည်း အကြိမ်နှစ်ဆယ်ကျော်တိုက်ခိုက်ပေမယ့်တော်လှန်ရေးတပ်တွေက မြို့ ကိုထိန်းချုပ်နိုင်ခဲ့တာပါ။
အဲ့ဒီနောက် စစ်ကောင်စီက MI-17 လေးစီးနဲ့ လေကြောင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားထပ် ဖြည့်ခဲ့ တာဖြစ်ပြီး အဲ့ဒီစစ်ကူရဟတ်ယာဉ်တွေလာချိန်မှာလည်း MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်က လုံခြုံရေးလိုက်ပါရ ယူပေးခဲ့တယ်လို့ သိရပါတယ်။