စစ်ဘေးကြောင့် မျက်ကွယ်ပြုခံနေရတဲ့ ရေဘေးသင့် ဘဝများ

ဩဂုတ် ၊ ၁၀

အခုနှစ် မုတ်သုံမိုးရာသီ ဝင်ရောက်လာချိန် နိုင်ငံအနှံ့မှာ ရေလွှမ်းမိုးမှုဒဏ်တွေ အလူးအလဲ ခံနေရတဲ့ မြောက်မြားစွာသော မြန်မာနိုင်ငံသားတွေထဲမှာ ပျံကျ စျေးသည် တဦးဖြစ်တဲ့ ကိုအောင်ကျော်စိုးလည်း အပါအဝင် ဖြစ်ပါတယ်။

သရေစာ မုန့်လေးတွေ လုပ်ရောင်းလေ့ရှိတဲ့ သူဟာ ကလေးတွေရဲ့ မုန့်ဖိုးလေးတွေနဲ့ မုန့်ဝယ်စားစေချင်တဲ့ စေတနာကြောင့် တတ်နိုင်သမျှ စျေးတင်ပြီး မရောင်းဘဲ တောင့်ခံပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံစီးပွားရေး ပြိုဆင်းသွားသလို တပူပေါ် နှစ်ပူဆင့်စေမယ့် ရေကြီးမှုတွေပါ ကြုံလာရတဲ့ မျက်မှောက် ကာလမျိုးမှာတော့ အဲဒီလို သဘောမနောကောင်းတဲ့ အပြုအမူလေးကို ထိန်းသိမ်းထားဖို့ အတွက်တောင် ကိုအောင်ကျော်စိုးတယောက် အတော် ရုန်းကန်နေရပါတယ်။

အထူးသဖြင့် သူ့လိုမျိုး ရေဘေးသင့် ပြည်သူတွေအတွက် အာဏာသိမ်း စစ်တပ်က စေတနာ မှန်မှန်နဲ့ စိတ်လိုလက်ရ ကူညီမှုတွေ ယုတ်လျော့နေတဲ့ အခါမှာ ပိုဆိုးပါတယ်။

ကိုအောင်ကျော်စိုးဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထ အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ ပဲခူးမြို့မှာ နေထိုင်ပါတယ်။ ပဲခူးဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး ဗဟိုချက်လည်းဖြစ်၊ မြို့တော်ဟောင်းလည်းဖြစ်တဲ့ ရန်ကုန်ရဲ့ မြောက်ဖက် ကီလိုမီတာ ၈၀ အကွာမှာ တည်ရှိပါတယ်။ ပြီးတော့ မြို့ခံ လူဦးရေ ၂၀၀၀၀ လောက်ဟာ ဆိုးရွားတဲ့ ရေကြီးမှုတွေကြောင့် နေအိမ်တွေကနေ စွန့်ခွာပြီး ရွှေ့ပြောင်းခဲ့ရပါတယ်။

“ရေဘေးက နှစ်တိုင်းလိုလို ကြုံလေ့ရှိတယ်။ ဒီနှစ်ကတော့ အလှူပစ္စည်းတွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်လာတာ အနည်းဆုံးပဲ။ ကျွန်တော် နေတဲ့ အပိုင်းမှာဆိုရင် ဇူလိုင် လကုန်လောက် ရေစတက်လာချိန် ကတည်းက ထမင်းဘူး တဘူးပဲ ရသေးတယ်”လို့ သူက CNAကို ပြောပါတယ်။

အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ စစ်သား အတော်များများဟာ တိုက်ပွဲတွေနဲ့ ဗျာများနေကြပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ ဒီမိုကရေစီ အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစလို့ ပဋိပက္ခတွေထဲ နစ်မွန်းနေခဲ့တာ ဖြစ်ပါတယ်။

အာဏာမသိမ်းခင် ကာလတွေတုန်းက စစ်သားတွေဟာ မိုးရာသီ ရေကြီးတဲ့ အခါတိုင်း ရေဘေးသင့် ကျေးရွာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဝင်ကူညီလေ့ ရှိပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာတော့ စစ်သားတွေ ခြေချတဲ့ နေရာတွေဟာ သဘာဝ ကပ်ဘေးသင့် နယ်မြေတွေထက် စစ်မြေပြင်တွေသာ ပိုပြီး အဖြစ်များလာပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက် အင်မတန် စိတ်ရောကိုယ်ပါ ကူညီနေသလိုမျိုး အာဏာသိမ်း စစ်တပ်က ဟန်ဆောင် ဝါဒဖြန့်နေပေမယ့် တကယ်တမ်း CNAရဲ့ လေ့လာ တွေ့ရှိချက်တွေအရ မြေပြင်မှာ ရေဘေးသင့် ကူညီရေး လုပ်ငန်းတွေကို အမှန်တကယ် လုပ်ဆောင်ပေးနေတဲ့ စစ်သားဦးရေက အင်မတန် နည်းပါတယ်။

နှစ်ဆန်းပိုင်းလောက်တုန်းက မြန်မာ စစ်တပ်ဟာ မိုးရာသီအတွက် ကြိုတင် ပြင်ဆင်ထားတဲ့ အစီအမံတွေကို ထုတ်ကြွားပြီး ဟန်ရေးပြခဲ့ပါတယ်။ အဲဒီ အစီအမံတွေထဲမှာ ရိက္ခာတွေ ကြိုစုတာ၊ ကယ်ဆယ်ရေး အဖွဲ့တွေ အသင့်ပြင်ဆင်ထားစေတာတွေ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့ ဖြစ်ပျက်နေတဲ့ မြေပြင် အခြေအနေတွေက စစ်တပ် ဝါဒဖြန့်ထားတာတွေနဲ့ ကွာချင်းတိုင်း ကွာဟနေပါတယ်။

ဖြစ်ကတတ်ဆန်းသာ ဆောက်လုပ်နိုင်တဲ့ ခိုလှုံရေး စခန်းတွေမှာ ရေဘေးသင့် ပြည်သူတွေ လက်ခံရရှိနေတဲ့ အထောက်အပံ့ ခွဲတမ်းတွေက တနှစ်ပြီးတနှစ် လျော့ပါးလာနေပါတယ်။

နိုင်ငံအနှံ့မှာ သောက်သုံးရေ ရှားပါးမှု ပြဿနာက ပိုဆိုးလာနေပြီး ပြည်သူတွေဟာ မိုးရေကို မလွှဲမရှောင်သာ မှီခိုလာကြရပါတယ်။ အကျိုးဆက်ကတော့ ရေမသန့်မှုကနေ ကူးစက်တဲ့ ရောဂါတွေရဲ့ ခြိမ်းခြောက်မှုက ခေါင်းထောင်လာခြင်းပါပဲ။ မိုးရာသီရောက်တိုင်း စစ်ရှောင်စခန်းတွေမှာ အဲဒီပြဿနာကို ပုံမှန် ကြုံရလေ့ ရှိပါတယ်။

ရန်ကုန်လို မြို့ကြီးမှာတောင် မသန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အစားအသောက်တွေကြောင့် ကာလဝမ်းရောဂါဆန်ဆန် ပြင်းထန် ဝမ်းရောဂါတွေ ပျံ့နှံ့ခဲ့ပြီး အသေအပျောက်တွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇွန်လကစလို့ အပြင်းအထန် ဝမ်းပျက်ပြီး ဆေးရုံရောက်သူ အရေအတွက်ဟာ ပျမ်းမျှ တနေ့ကို ၈၀ လောက် ရှိခဲ့ပါတယ်။

အဲဒီလို ဒုက္ခပေါင်းစုံ ကြုံနေတာတောင် မြန်မာပြည်သူတွေအပေါ် ဖိစီးမယ့် အကြောင်းအရာတွေက ပြောလို့ မကုန်နိုင်သေးပါဘူး။ ကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွား အားလျော့လာခြင်းနဲ့အတူ အစားအသောက်၊ ဆေးဝါးနဲ့ ဓာတ်ဆီစျေးတွေက ထိုးတက်လာပါတယ်။

တချို့ကျပြန်တော့လည်း ရေဘေးလိုမျိုး စိတ်ညစ်စရာ အခြေအနေတခု ထပ်တိုးကြုံတွေ့လာတာကို ထိုင်ညည်းမနေဘဲ အခွင့်အလမ်းကောင်း တခုအဖြစ် ပြောင်းလဲဖို့ ရွေးချယ်ခဲ့ကြတယ်။ ပဲခူးမှာနေတဲ့ ကိုမြကိုက အဲဒီလို လူစားတွေထဲက တယောက်ပါ။ သူဟာ ပုံမှန်ဆိုရင် လက်သမား အလုပ်နဲ့ အသက်မွေးပေမယ့် ရေကြီးတဲ့ ကာလတွေမှာတော့ ငါးဖမ်းပြီး ဝမ်းစာရှာနေပါတယ်။

“ရေကြီးတဲ့ အချိန်ကတည်းက ဆောက်လုပ်ရေးတွေ အားလုံး ရပ်ကုန်တာဗျာ။ ကျွန်တော်လည်း လုပ်စားလို့ မရတော့ဘူးပေါ့။ ရေတွေကြီးနေတော့ ငါးဖမ်းဖို့ ပိုလွယ်လာတာ ကျွန်တော် တွေးမိတယ်။ ဒီတော့ အခု ငါးဖမ်းပြီး ဟင်းစားရှာနေတယ်”လို့ သူက ဆိုတယ်။

သူက တနေ့ကို ၆ နာရီလောက် ငါးမျှားပြီး ရလာတဲ့ ငါးတွေကို ရောင်းချနိုင်မယ်ဆိုရင် ငွေကျပ် ၈၀၀၀၊ ၉၀၀၀ လောက် ရတတ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

သူ့လိုပါပဲ၊ ဒီနှစ်မှာတော့ ဆိုးဆိုးရွားရွား ရေကြီးမှုတွေကို သမားရိုးကျ အခြေအနေ တခုလို့ သဘောပိုက်ရင်း ကြုံသလို ဖြတ်သန်းနေသူ အရေအတွက်က သိသိသာသာ တိုးလာနေပါတယ်။

တဖက်မှာတော့ မြန်မာနိုင်ငံရဲ့ မတူညီသော နယ်ပယ်တွေက လှိုင်းတွေဟာ ဘယ်အချိန်မှာ လားရာ အပြောင်းအလဲတွေ ရှိလာမလဲဆိုတဲ့ မေးခွန်းတွေက အဖြေရခက်စွာ စွဲကျန်နေဆဲ ဖြစ်ပါတယ်။

(CNA၏ Double whammy for Myanmar residents facing floods, as help from military dwindles ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)