ဩဂုတ် ၊ ၆
အီရတ်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခု ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး အမေရိကန်စစ်သားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးနိုင်ငံနဲ့ အီရန်မဟာမိတ် လက်နက်ကိုင် အင်အားစုတွေကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အစ္စရေး မဟာမိတ် အမေရိကန် တပ်ဖွဲ့တွေ အခြေစိုက်ရာ စစ်စခန်းတစ်ခု အခုလို တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။
အီရတ်နိုင်ငံ အနောက်ပိုင်းမှာ ရှိနေတဲ့ အယ်လ်အာဆတ် လေတပ်စခန်းဟာ ဒုံးကျည်တစင်း ထိမှန်ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း၊ ထိခိုက်ပျက်စီးမှု ပမာဏကို ဆန်းစစ်နေဆဲဖြစ်ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။
အီရတ်ဟာ အီရန်ရော၊ အမေရိကန်နဲ့ပါ မဟာမိတ် ဆက်ဆံရေးတွေ ထူထောင်ထားပြီး အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အစုအဖွဲ့တွေလည်း အီရတ်မှာ လှုပ်ရှားနေပါတယ်။
ဟားမားစ် အဖွဲ့ ခေါင်းဆောင်တဦးနဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ စစ်ဦးစီးတဦး ရှေ့ဆင့်နောက်ဆင့် လုပ်ကြံခံရမှုတွေအပြီး အရှေ့အလယ်ပိုင်းရဲ့ အခြေအနေဟာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အပိုင်းအခြားကို ဖြတ်သန်းနေရပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က မှတ်ချက်ပေးခဲ့ပြီး မကြာခင်မှာပဲ အမေရိကန် စစ်သားတွေ ရှိနေတဲ့ စခန်းကို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အယ်လ်အာဆတ် လေတပ်စခန်းကို တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်တယ်ဆိုတဲ့ ကြေညာချက်တွေ ထွက်ပေါ်လာတာလည်း မရှိသေးပါဘူး။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ် တဦးကတော့ Katyusha အမျိုးအစား ဒုံးကျည်နှစ်စင်းနဲ့ အဲဒီစခန်းကို ချိန်ရွယ် ပစ်ခတ် ခံရပြီး တစင်းက လေတပ်စခန်းဝင်းထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန် စစ်သည် ဘယ်နှယောက် ဒဏ်ရာရခဲ့သလဲ၊ သူတို့ရဲ့ ဒဏ်ရာတွေက ဘယ်လောက် ပြင်းထန်သလဲ ဆိုတာတွေကိုလည်း လောလောဆယ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် စစ်တပ်ဟာ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်မှာ ကန့်သတ် စစ်ဆင်ရေးတချို့ လုပ်ဆောင်ခဲ့ရပါသေးတယ်။
အယ်လ်အာဆတ် လေတပ်စခန်းဟာ ဇန်နဝါရီလတုန်းကလည်း အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် တပ်တွေရဲ့ ပဲ့ထိန်းဒုံးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာကို ခံခဲ့ရပြီး အများစုကိုတော့ ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။
Ref: BBC