မိုးကုတ်ကနေ ဆုတ်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကို TNLA ဖမ်းမိ

ဇူလိုင် ၊ ၂၉

တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ မိုးကုတ်ကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက နှစ်ဆယ်ဦးကိုလက်နက်နှစ်ဆယ်ကျော်နဲ့အတူ သုံ့ပန်းအဖြစ် ဖမ်းမိထားတယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖမ်းမိသူတွေဟာ မိုးကုတ်မြို့အနောက်ပိုင်း ဖြူရောင်ကုန်းကနေ ထွက်ပြေးသွားသူတွေထဲက ဖြစ်ပြီး အဲ့ဒီထွက် ပြေးသူတွေကို TNLA ကလိုက်လံ တိုက်ခိုက်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲနဲ့ မိုးမိတ်မြို့တွေမှာလည်း TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ကျောက်မဲတိုက်ပွဲကနေ လက်နက် ၃၇လက်၊မိုးမိတ်တိုက်ပွဲကနေ လက်နက် ၁၃လက် သိမ်းဆည်းရရှိတယ်လို့ ဖော်ပြပါတယ်။

ထုတ်ပြန်ဖော်ပြချက်အရ သိမ်းဆည်းရမိလက်နက်တွေထဲ MAစီးရီး သေနတ်တွေ၊RPG၊၄၀မမ၊၆၀မမ၊၈ ၁ မမ စတဲ့လက်နက်ကြီးတွေ၊ ငါးကြင်းမြီး စက်သေနတ်၊ပစ္စတို စတာတွေပါဝင်ပြီး စုစုပေါင်း လက်နက်ခုနစ်ဆယ် ကျော်ဖြစ်ပါတယ်။ဒါ့အပြင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေလည်း ရရှိထားတယ်လို့သိရပါတယ်။

မိုးကုတ်နဲ့နောင်ချိုမြို့တွေကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျောက်မဲနဲ့မိုးမိတ်မြို့တွေကိုတော့ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့ TNLA ပူးပေါင်းတပ်ဟာ ကျောက်မဲမြို့က လက်ကျန်စခန်းတွေဖြစ်တဲ့ ခမရ ၅၀၁နဲ့ ၅၀၂၊မိုးမိတ်က ဗျူဟာ ကုန်းနဲ့ ခမရ ၃၂၈ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

ဒါ့အပြင် ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီးဖြစ်တဲ့ နောင်ချိုမြို့နယ်မှာလည်း ရေဖြူရွာ ဘုန်းကြီးကျောင်းဘက် ကနေTNLA တပ်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။