Photo -DDMSC
ဇူလိုင်၊ ၂၃
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ရဲ့ ကော်မတီဝင်တဦးဖြစ်သူ ရဲဘော် ဆူနာမီရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်၊ မနေ့က မီးရှို့လိုက်တယ်လို့ ကာယကံရှင်ဖြစ်သူက DNA ကို ပြောပါတယ်။
“ရွာမှာ အိမ်မီးရှို့ခံရတယ်ကြားကတည်းက ကိုယ့်အိမ်ပဲဆိုတာ ခန့်မှန်းထားပြီးသားပါ၊ အိမ်မှာကတော့ ဘယ်သူမှ ရှိမနေပါဘူး” လို့ ရဲဘော် ဆူနာမီက ပြောပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်ကျောင်းကျေးရွာမှာရှိတဲ့ နေအိမ်ကို ညနေ သုံးနာရီဝန်းကျင်လောက်မှာ မီးရှို့လိုက်တာဖြစ်ပြီး နေအိမ်ကတော့ ပြာကျသွားတယ်လို့ သိရပါတယ်။
ရဲဘော်ဆူနာမီဟာ LGBT(လိင်စိတ်ခံယူမှုကွပြားသူ) သပိတ်စစ်ကြောင်း ကိုယ်စားပြုအနေနဲ့ DDMSC မှာ ပါဝင်နေပြီး ကိုယ်တိုင်လည်း LGBT တဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကတည်းက လောင်းလုံးမြို့ပေါ်ကနေ တရွာပြီးတရွာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အခုလို မီးရှို့ဖျက်ဆီးသွားတာလို့သိရပါတယ်။
“အရင်အခေါက်တွေ စစ်ကြောင်းထိုးတုန်းကလည်း အိမ်မှာဝင်မွှေဖူးတော့ အမေတို့က ရှောင်ပြီး တခြားမှာ နေနေတာ ကြာပါပြီ” လို့ ရဲဘော်ဆူနာမီက DNA ကို ပြောပါတယ်။
အင်အား တရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၁၉ ရက်နေ့ကစပြီး လောင်းလုံးမြို့ပေါ်ကနေတဆင့် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်၊ ကဒက်ကြီး၊ မြခါးပတ်၊ ပြင်ကျောင်း စတဲ့ရွာတွေကို တောလမ်းအတိုင်း စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းစထိုးတဲ့နေ့ကတော့ ညင်းမော်ကျေးရွာအုပ်စု၊ ရင်းဘုတ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေနဲ့ ထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး အနီးအနားက နေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ မနေ့က ပြင်ကျောင်းကျေးရွာမှာ ရဲဘော် ဆူနာမီရဲ့ နေအိမ်ကို မီးရှို့ပြီး ပြန်အထွက် မှာ အသက် သုံးဆယ်ဝန်းကျင်ရှိတဲ့ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်း လောင်းလုံးမြို့ဘက်ခြမ်းကို ခြေလျင်ပြန်တက်လာနေပြီး လမ်းတလျှောက်မှာရှိတဲ့ ကဒက်ငယ်ထိန်ရွာက အမျိုးသားသုံးဦး၊ ရင်းဘုတ်ရွာက အမျိုးသမီးတဦးနဲ့ အမျိုးသား တဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။
“အားလုံးကို စစ်ကြောင်းနဲ့အတူခေါ်သွားနေတာ၊ အိမ်ထဲမှာပဲ ဝင်ဖမ်းတာ၊ ဘာလို့ဖမ်းသွားမှန်းမသိဘူး” လို့ ဒေသခံလူငယ်တဦးကပြောပါတယ်။
လက်ရှိ အဖမ်းခံထားရသူ ခုနစ်ဦးစလုံးဟာ နာမည်စာရင်းအတိအကျနဲ့ ဖမ်းဆီးခံထားရတာမျိုးမဟုတ်ဘဲ တွေ့ရာ လူကို ဖမ်းသွားတဲ့ပုံစံဖြစ်ပြီး PDF တွေရဲ့ တိုက်ခိုက်မှုခံရမှာကို စိုးရိမ်လို့ ဓားစာခံအနေနဲ့ ဖမ်းသွားတာ ဖြစ်နိုင် တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
အဖမ်းခံထားရသူအားလုံးကတော့ အသက်နှစ်ဆယ်ဝန်းကျင်ကနေ လေးဆယ်ဝန်းကျင် အရွယ်ရှိကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း DDMSC ရဲ့ ကော်မတီဝင်ဖြစ်သူ ကိုမင်းလွင်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေကာ အဖေဖြစ်သူ ဦးအောင်ဖေကို ဖမ်းဆီးသွားခဲ့ပြီး နှစ်လလောက်အကြာမှာတော့ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပါတယ်။