MDY-PDFသိမ်းပိုက်ထားတဲ့ စဥ့်ကူးမြို့တဖက်ကမ်း ကျောက်မြောင်းကို ရေကြောင်းကနေ စစ်တပ်အင်အားဖြည့်

ဇူလိုင်၊ ၂၁ 

မန္တလေးတိုင်း စဥ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က သိမ်းပိုက်ရရှိပြီးနောက် စဥ့်ကူးမြို့ရဲ့ တဖက်ကမ်းမှာရှိတဲ့ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ကို စစ်ကောင်စီတပ်က ရေကြောင်းကတဆင့် အင်အားဖြည့်တင်းထားတယ်လို့ မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ 

“ကျောက်မြောင်းတပ်ကို  ထောက်ပို့ချပြီးတော့ သင်္ဘောတွေက ဒီမနက်ကပဲ အောက်ပိုင်းကို ပြန်စုန်သွားပြီ၊ စဥ့်ကူးဘက်မကပ်ရဲဘူး” လို့ သူက ပြောပါတယ်။ 

ရေလမ်းကနေလာတဲ့ စစ်ကောင်စီ ရေယာဥ်တွေဟာ ကျောက်မြောင်းမြို့နဲ့ မခေါက်ရွာကြား ကမ်းကပ်ရပ်နားခဲ့တာဖြစ်ပြီး ကျောက်မြောင်းကိုရော မခေါက်ရွာမှာပါ အင်အားဖြည့်တင်းခဲ့တာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ 

စဥ့်ကူးမြို့နယ်တခုလုံးကို MDY -PDF က ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် နှစ်ရက်ခန့်အကြာ ဇူလိုင် ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီဘက် မန္တလေးမြို့ကနေ စဥ့်ကူးဘက်ကို  ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဥ်တွေနဲ့ ဆန်တက်လာခဲ့တာလို့ သိရပါတယ်။ 

မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ရေယာဥ်အုပ်စုမှာတော့ ကမ်းထိုးရေယာဥ်တစီး၊ တိုက်ခိုက်ရေးယာဥ်တစီး၊ တွဲတွန်းရေယာဥ် အကြီးနှစ်စီးနဲ့ အသေးတစီးပါဝင်ပြီး ပတ်ပတ်လည်မှာလည်း စပီဘုတ်တွေပါလာသလို လမ်းတလျှောက်မှာလည်း Mi 35 ရဟတ်ယာဥ်နဲ့ လုံခြုံရေးလိုက်ပေးခဲ့တယ်လို့ မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့က ဖော်ပြထားပါတယ်။ 

အဲဒီစစ်ကောင်စီတပ် ရေယာဥ်အုပ်စုဟာ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ကျောင်းမြောင်းဘက်ကို ကမ်းကပ်နိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ MDY- PDF ထိန်းချုပ်ထားတဲ့ စဥ့်ကူးဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ကျောက်မြောင်းမြို့မှာတော့ စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ) ၁၂ အခြေစိုက်ပြီး ကျောက်မြောင်းနဲ့ ကပ်လျက်ရှိတဲ့ မခေါက်ရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ချထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်ကတော့ စဥ့်ကူးနယ်မြေအတွင်းကို ဇူလိုင် ၁၉ ရက်နေ့မှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ရေလမ်း၊ ကုန်းလမ်းတို့ကနေ ချီတက်တိုက်ခိုက်ရာ စဥ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် လက်ရှိအချိန်ထိတော့ စဥ့်ကူးမြို့ကို MDY- PDF ကပဲ ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ခြေလျင်စစ်ကြောင်းတောင် မထိုးလာနိုင်သေးဘူးလို့ သိရပါတယ်။ 

“(စဥ့်ကူးက) အေးဆေးပါပဲ၊ လေကြောင်းနဲ့လက်နက်ကြီးပဲစိုးရိမ်စရာရှိတယ်” လို့လည်း မြေပြင်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ပြောပါတယ်။ 

လက်ရှိစဥ့်ကူးမြို့အခြေအနေနဲ့ ပတ်သက်ပြီး MDY- PDF ကို Delta News Agency က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။ 

ဒါပေမယ့် MDY- PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကတော့ စဥ့်ကူးမြို့ကို သူတို့တပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်လို့ အလွယ်တကူ စွန့်လွှတ်မှာမဟုတ်ဘူးလို့ Peope’s Spring သတင်းဌာနကို ပြောထားပါတယ်။ 

ဒါ့အပြင် မြို့လုံခြုံရေး၊ ခုခံကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်သင့်တာတွေကို ဆက်လုပ်သွားမယ်လို့လည်း ကိုအော်စမွန်က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာတအောင်း( TNLA)၊ MDY -PDF နဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ် မြို့နယ်တွေမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ထိုးစစ်တွေစတင်ခဲ့ပြီး တလနီးပါးအတွင်း နောင်ချိုနဲ့ စဥ့်ကူးမြို့တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

စဥ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးထားပါတယ်။ 

စဥ့်ကူးမြို့နဲ့ မန္တလေးမြို့အကြားမှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းမှာလည်း လက်ရှိအချိန်ထိ တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီတပ်စခန်းတချို့ကိုတော့ MDY -PDF က သိမ်းပိုက်ရရှိထားပါတယ်။