ပခုက္ကူ-မြစ်ခြေလမ်းပေါ် တိုက်ပွဲကနေ လက်နက်ခဲယမ်းတချို့နဲ့ သုံ့ပန်းဆယ်ဦး တော်လှန်ရေးတပ်တွေဖမ်းမိ

Photo – PLA/ABSDF Column 3

ဇူလိုင်၊ ၁၇

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘက် ပခုက္ကူ-မြစ်ခြေလမ်းပေါ်မှာရှိတဲ့ အောင်သာကျေးရွာ အခြေစိုက် စစ်ကောင်စီ ပျူစောထီးစခန်းနဲ့ ပျူစောထီးတွေ တပ်စွဲတဲ့နေရာတွေကို ဒီကနေ့ မနက်အစောပိုင်းမှာတိုက်ခိုက် ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတွေဖမ်းမိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့တော်လှန်ရေးတပ်တွေကပြောပါတယ်။

“ဝင်ရောက်စီးနင်းတာပါ”လို့ အဲ့ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ်(၃)စစ်ကြောင်း တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

အဲ့ဒီပျူစောထီး စခန်းနဲ့တပ်စွဲရာနေရာတွေကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ကိုးဖွဲ့က ဒီကနေ့ မနက်ငါး နာရီမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ် ၁၁လက်၊ကျည်သုံးရာဝန်းကျင်အပါအဝင်ခဲယမ်းတချို့နဲ့မိုဘိုင်း ဖုန်း ငါးလုံး သိမ်းဆည်းရရှိကာ စစ်သုံ့ပန်း ဆယ်ဦးဖမ်းမိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် မတော်(PLA)က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲ G-3၊ကာဘိုင်၊ရှော့ဂမ်း၊ဝင်ချက်စတာ ခါးချိုးသေနတ်၊KIA ထုတ် ၄၀မမ စတာ တွေပါဝင်ပါတယ်။နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးလောက်သေဆုံးတာကို မျက်မြင်တွေ့ ရပြီး ထိခိုက်သူတွေလည်းများတယ်လို့ ဆိုပါတယ်။

အပြန်အလှန်တိုက်ပွဲဖြစ်ချိန်  တနာရီဝန်းကျင်သာကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ဘူးလို့ တိုက်ပွဲမှာပါဝင်တဲ့ တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဲ့ဒီတိုက်ပွဲကို ကျောင်းသားတပ်မတော် ABSDF-အမှတ် ၃စစ်ကြောင်း၊ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAအမှတ် ၈၁၅တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ပေါက်မြို့နယ် BLYပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပခုက္ကူမြို့နယ်စုဖွဲ့မှုတပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ တာလို့သိ ရပါတယ်။

တိုက်ပွဲအတွင်းဖမ်းမိတဲ့ သုံ့ပန်းတွေကိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထား တယ်လို့ ၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။