နောင်ချိုဂုတ်တွင်းစခန်းကို TNLA ထပ်မံသိမ်းပိုက်၊ မိုးမိတ်မြို့တွင်းမှာလည်းတိုက်ပွဲဖြစ်နေ

Photo – TNLA

ဇူလိုင်၊ ၁၂

နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းသုံးခုထဲက နောက်ဆုံးကျန်တဲ့ ၆၀၆ ဒုံးတပ်ရင်းသိမ်းပိုက်ခံရပြီးနောက် အဲ့ဒီကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှိနေရာ ဂုတ်တွင်းစခန်းကို ဒီကနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ တယ် လို့ တအာင်းတပ် TNLA ကပြောပါတယ်။

နောင်ချိုနဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ ဂုတ်တွင်း စခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတချို့နဲ့အတူ  လက် နက်မျိုးစုံ ၂၀လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အခုညပိုင်း TNLA ရဲ့စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

တအာင်းဒေသအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ ဂုတ်တွင်း/ဂုတ်ထိပ် ကစစ် ကောင်စီတပ်တွေကိုအပြီးသတ်ရှင်းလင်းနိုင်ရင် TNLA အနေနဲ့ ကျောက်မဲ-နောင်ချိုလမ်းချိုကို အပြည့်အဝစိုး မိုးထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကိုကိုးကားဖော်ပြပါတယ်။

ဂုတ်ထိပ်/ဂုတ်တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီ ဂျက်ဖိုက်တာ၊MI-35 တို့နဲ့ လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ် ပြုလုပ်ခဲ့သလို Y-12 လေယာဉ်နဲ့လည်း ဗုံးအလုံး ခြောက်ဆယ်ကျော်ကြဲချခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲအခြေစိုက် ခမရ ၅၀၁ စခန်းကနေလည်း ဂုတ်ထိပ်ဘက်ကို လက်နက်ကြီးနှစ်ကြိမ်ပစ်ခတ်ခဲ့ သေးတယ်လို့ ဆက်လက်ဖော်ပြပါတယ်။ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့ကြား ဘန့်ဘွေးရွာအနီးက သဲခေါ်ရွာနဲ့ အုမ္မတီး ရွာတို့ကိုလည်း စစ်ကောင်စီက MI-35 နဲ့တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အလားတူTNLA ပူးပေါင်းတပ် သိမ်းပိုက်ပြီးဖြစ်တဲ့  ၆၀၆ ဒုံးတပ်ရင်းရှိရာ နောင်ချိုမြို့တောင်ဘက် နောင်ချို-တောင်ခမ်းလမ်းပေါ်က နောင်အောရွာမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအခြေ အနေအသေးစိတ်ကိုတော့ဖော်ပြမထားပါဘူး။

လက်ရှိရှမ်းမြောက်တိုက်ပွဲကာလအတွင်း TNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ မိုးမိတ်မြို့မှာလည်း ဒေသ အခြေစိုက် စစ်ကောင်စီတပ်တွေဖြစ်တဲ့ စကခ-၂၁၊ခလရ ၂၂၃တို့နဲ့ TNLA ပူးပေါင်းတပ်တွေ မြို့တွင်းအထိ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကြားက စစ်ကောင်စီရဲ့ (၅)မိုင်တပ်စခန်းကနေ လက်နက်မျိုးစုံဆယ်လက်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။

TNLA ပူးပေါင်းတပ်တွေက မြို့အနောက်ပိုင်းကိုသိမ်းပိုက်ထားပြီးဖြစ်တဲ့ မိုးကုတ်မြို့မှာလည်း မြို့အရှေ့ပိုင်းမှာ တိုက်ပွဲတွေပြင်းနေတယ်လို့ ဒေသခံတွေကပြောထားသလို စစ်ကောင်စီလော်ဘီချန်နယ်တွေကလည်းဖော် ပြကြပါတယ်။

မိုးကုတ်အရှေ့ပိုင်းတိုက်ပွဲလက်ရှိအခြေအနေနဲ့ပတ်သက်လို့တော့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြမထားသေး ပါဘူး။