ဦးသိန်းစိန်၊ စိုးဝင်းတို့ရဲ့ တရုတ်ခရီးစဉ်နဲ့ မြန်မာ့အရေး နောက်ကွယ်က တရုတ်ရဲ့ အခင်းအကျင်းများ

ဇူလိုင်၊ ၁၂


တရုတ် အစိုးရဟာ အာဏာသိမ်း မြန်မာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေနဲ့ တခြားအဆင့် အရာရှိတွေကို ပုံမှန် ဖိတ်ကြားတွေ့ဆုံတာမျိုးတွေ ရှိခဲ့ပြီးသားပါ။ ဒါပေမဲ့လည်း ဇွန်လနှောင်းပိုင်းတုန်းက မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း တရုတ်က ဖိတ်ခေါ်ခဲ့တဲ့ အချိန်မှာတော့ နိုင်ငံတကာ ခေါင်းကြီးပိုင်း သတင်းမျိုး ဖြစ်လာခဲ့ပါတယ်။

နောက်ပြီး တပတ်လောက် အကြာမှာပဲ စစ်ကောင်စီရဲ့ ဒုတိယ အကြီးအကဲလို့ သတ်မှတ်ရမယ့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံ၊ ရှန်တောင်းပြည်နယ်ကို သွားရောက်ခဲ့ပြန်ပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ် (စစ်ကောင်စီ)က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အာဏာသိမ်း အစုအဖွဲ့ထဲမှာ ရာထူးအကြီးဆုံး လူပုဂ္ဂိုလ်တဦး တရုတ်ကို သွားရောက်ခွင့် ရခဲ့တာလည်း ဖြစ်နိုင်ခဲ့ပါတယ်။ ဒီတော့ အဲဒီခရီးစဉ် နှစ်ခုရဲ့ အချိန်ကိုက် အရွေ့တွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေနိုင်ပါသလဲ။

ကာလံဒေသံတွေကို ခြုံငုံကြည့်မယ်ဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာချုပ်ထိန်းထားတဲ့ စစ်တပ်ထဲက ဘယ်သူ့ထက်မဆို သမ္မတဟောင်း ဦးသိန်းစိန်ကို ပိုပြီး လိုလားနွေးထွေးတယ်လို့ ယူဆရမယ့်သဘော ဖြစ်နေပါတယ်။ ဒါမှမဟုတ် ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကပဲ စစ်ကောင်စီ ဒုတိယ အကြီးအကဲ စိုးဝင်းကို တရုတ်နိုင်ငံ သွားရောက်ခွင့် ရစေဖို့ လမ်းဖွင့်ပေးနိုင်ခဲ့တဲ့ အဓိပ္ပါယ်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သူတချို့ကတော့ အဲဒီ ဖြစ်နိုင်ခြေ နှစ်ခုစလုံးကို ငြင်းပယ်ခဲ့ပါတယ်။

အရင်ဆုံး ရှင်းအောင်ပြောရမယ်ဆိုရင် CANက နားလည်ထားတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် တရုတ် အစိုးရဟာ အတိအလင်း ထုတ်မပြောပေမယ့် စစ်ခေါင်းဆောင်တွေ ခန့်အပ်တဲ့ ဝန်ကြီးတွေကို အထူးတလည် တွေ့ဆုံတာ၊ ဒါမှမဟုတ် နှစ်နိုင်ငံတည်း သီးခြား ဆွေးနွေး ညှိနှိုင်းမှုမျိုးတွေအစား အကြောင်းအရာအလိုက် အလျဉ်းသင့်သလို ဖိတ်ကြားတာမျိုး မူဝါဒကို ရွေးချယ် ကျင့်သုံးခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း စစ်တပ်က ခန့်အပ်တဲ့ ဝန်ကြီးတွေဟာ တခြားဖိတ်ကြားခံ နိုင်ငံတွေ အများအပြားနဲ့ ရောနှောပြီး တရုတ်မှာ ဖိုရမ်တွေ၊ အခမ်းအနားတွေ၊ ညီလာခံတွေ တက်ခွင့်ရတယ် ဆိုတာလောက်သာ ရှိခဲ့တာပါ။

၂၀၂၃ နှောင်းပိုင်း၊ တိတိကျကျ ပြောရရင်တော့ ‘အော်ပရေးရှင်း ၁၀၂၇’ စစ်ဆင်ရေးကြီး မစတင်ခင် နှစ်လလောက် အလိုမှာတော့ တရုတ် အစိုးရဟာ မြန်မာဖက်နဲ့ ထိတွေ့မှုတွေကို တဆင့်မြှင့်ခဲ့တယ်။ ‘အော်ပရေးရှင်း ၁၀၂၇’ဆိုတာက တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အစုအဖွဲ့ ၃ ခု ပူးပေါင်းပြီး မြန်မာစစ်တပ်ကို အငိုက်ဖမ်း ထိုးစစ်ဆင်ခဲ့တဲ့ အထင်ကရ စစ်ဆင်ရေးကြီး တခု အစပြုတဲ့ အောက်တိုဘာ ၂၇ ရက်ကို အစွဲပြု မှည့်ခေါ်ထားတဲ့ နာမည်ပါ။ အဲဒီစစ်ဆင်ရေး နောက်ပိုင်း တိုင်းရင်းသား တပ်တွေဟာ နိုင်ငံအနှံ့မှာ စစ်ကောင်စီ လက်အောက်ကနေ ထိန်းချုပ်နယ်မြေတွေကို ချဲ့ထွင် သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလမှာတော့ တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် အပစ်အခတ် ရပ်စဲခဲ့ပေမယ့် အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ အပစ်ရပ် သဘောတူညီမှုကို အကြိမ်ကြိမ် ချိုးဖောက်နေခဲ့ပြီး အရပ်သား ပြည်သူတွေကို ထိခိုက် သေဆုံးစေခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက စွပ်စွဲခဲ့ပါတယ်။

“တရုတ်ဖက်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုလားသလို အခုနှစ် ပထမ သုံးလပတ် ကတည်းက သူ့ကို တရုတ်နိုင်ငံဆီ ဖိတ်ကြားဖို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စိုးဝင်းနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချမှု အပိုင်းမှာ ပြဿနာ (trust issue)တချို့ ရှိခဲ့တယ်။ အဲဒီအခြေအနေကပဲ တရုတ်ရဲ့ ဖိတ်ခေါ်မှု၊ တွေ့ဆုံညှိနှိုင်းမှု အစီအမံတွေကို နှောင့်နှေးစေခဲ့တာပါ။ တချိန်တည်းမှာပဲ သံတမန်ရေးရာ စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းတွေကနေ ဇွန်လ ၂၈ ရက်နေ့မှာ ဦးသိန်းစိန်ရဲ့ ဘေဂျင်းခရီးစဉ် အကောင်အထည် ပေါ်ခဲ့တာပါ”လို့ CNAနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီတော့ မေးစရာရှိနေတာက တရုတ်ဟာ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ပေးလာတယ် ဆိုရင်တောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာမျိုး မလုပ်သေးသလဲ ဆိုတာပါ။ ဒါပေမဲ့ တခြား သတင်းရင်းမြစ် တခုကတော့ မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ ဘယ်နေ့ ကျင်းပမလဲ ဆိုတာကို ရှင်းလင်းတိကျတဲ့ နေ့ရက်တခုကို ခိုင်ခိုင်မာမာ မသတ်မှတ်နိုင်သေးသ၍ တရုတ်က ဒီကိစ္စကို စဉ်းစားမှာ မဟုတ်ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ အရင်တုန်းကတော့ မင်းအောင်လှိုင်ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထင်ရှားတဲ့ အခင်းအကျင်း တခုခု ဖော်ထုတ်ပေးမယ် ဆိုတာမျိုး ကတိခံထားခဲ့ဖူးတယ်။

ဦးသိန်းစိန်ရဲ့ ဇွန်လ ၂၈ ရက်နေ့ ခရီးစဉ်ဟာ တရုတ်က နိုင်ငံတကာ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ ချက်ကို သတ်မှတ်ကျင့်သုံးမှု နှစ် ၇၀ ပြည့် ဂုဏ်ပြု အခမ်းအနားအတွက် ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။ ကိုယ်တိုင်က စစ်ဗိုလ်ချုပ်ဟောင်း တဦးဖြစ်ခဲ့တဲ့ ဦးသိန်းစိန်ဟာ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ယူခဲ့တယ်။ သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်ဟာ တခြားနိုင်ငံတွေအပေါ် စိုးမိုးမယ့် အင်အားကြီး နိုင်ငံ ဖြစ်လာမှာ မဟုတ်ဘူးလို့ မိန့်ခွန်းပြောခဲ့တဲ့ ညီလာခံ တခုကို တက်ရောက်ခဲ့ပါတယ်။ အခု ညီလာခံမျိုးကို ၂၀၁၄ တုန်းကလည်း ဦးသိန်းစိန်ဟာ နှစ် ၆၀ ပြည့် အထိမ်းအမှတ် အနေနဲ့ တက်ရောက်ခဲ့ဖူးပါသေးတယ်။

အခုနှစ်မှာတော့ သီးခြား တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေမှာ ဦးသိန်းစိန်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ လူချင်းတွေ့ခဲ့တယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အစိုးရ မီဒီယာတွေကတော့ သူတို့နှစ်ယောက်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်ဆိုပြီး ဖော်ပြခဲ့တယ်။ အဲဒီ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခုရဲ့ အပြောအရတော့ ဝမ်က ဦးသိန်းစိန် အနေနဲ့ မင်းအောင်လှိုင်ကို ကြားကာလ အစိုးရ တရပ်ဆီ အာဏာလွှဲပေးပြီး ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးရေး စည်းရုံးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာတော့ ရှန်ဟိုင်း ကော်ပိုရေးရှင်း အဖွဲ့က ဦးစီးကျင်းပတဲ့ Green Development ဖိုရမ်ကို တက်ရောက်ဖို့ အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းဟာ တရုတ်ကို သွားရောက်ခဲ့ပါတော့တယ်။

သူဟာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အွန်လိုင်း လောင်းကစားတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေ တိုက်ဖျက်ရေးဆိုင်ရာ ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ တရုတ် အာဏာပိုင်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ မြန်မာ အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို စစ်ကောင်စီက ထိထိရောက်ရောက် မဖြိုခွင်းနိုင်တာနဲ့ ပတ်သက်လို့ တရုတ် အစိုးရက မပျော်မရွှင် ဖြစ်နေတယ် ဆိုတာဟာ လေ့လာသူတွေ အများစု လက်ခံ သဘောပေါက်ထားတဲ့ အရှိတရားတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နယ်စပ် အစွန်အဖျား ဒေသတွေမှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေမှာ တရုတ် ဒုစရိုက် အဖွဲ့အစည်းတွေကပါ ပါဝင် လှုပ်ရှားနေပါတယ်။

ပြီးတော့ စစ်ကောင်စီဟာ တရုတ်နဲ့ နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခမီးကို ငြှိမ်းသတ်နိုင်စွမ်းလည်း မရှိဘူး။ အကျိုးဆက်ကတော့ တရုတ်ပိုင်နက်ဖက်မှာပါ ထိခိုက်သေဆုံးမှု ပြဿနာတွေ ကြုံလာပါတယ်။

စိုးဝင်းရဲ့ တရုတ် ခရီးစဉ်ဟာ တိုင်းရင်းသား တပ်တွေနဲ့ တကျော့ပြန် တိုက်ပွဲတွေ အားကောင်းလာတာကို တွန်းလှန်ဖို့ စစ်ကောင်စီက ရုန်းကန်နေရတဲ့ ကာလနဲ့လည်း အချိန် တိုက်ဆိုင်နေပါတယ်။ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေဟာ အတိုက်အခံ အင်အားစုတွေကို ဖြိုခွင်းရာမှာ တရုတ်ရဲ့ အကူအညီနဲ့ ထောက်ခံမှုကို အပူတပြင်း မျှော်လင့်နေပါတယ်။

အဲဒီတော့ ဦးသိန်းစိန်နဲ့ စိုးဝင်းတို့ရဲ့ တရုတ်ခရီးစဉ်တွေက ဘယ်လို လားရာတွေကို ညွှန်ပြနေပါသလဲ။ သေချာတာကတော့ အဲဒီ ခရီးစဉ် နှစ်ခုအရ တရုတ်ဟာ အာဏာသိမ်း စစ်တပ်ကို လုံးဝဥဿုံ မစွန့်ခွာသေးဘူးဆိုတာ မြင်သာစေတယ်လို့ အော့စလို ငြိမ်းချမ်းရေး သုတေသန ဌာနရဲ့ သုတေသီ တဦးဖြစ်တဲ့ ဦးအမရာသီဟက ဆိုပါတယ်။

အဲဒီ ခရီးစဉ် နှစ်ခုအရဆိုရင် တရုတ်ဟာ စစ်တပ်အုပ်စိုးမှုကနေ အကူးအပြောင်းဆီ အားထုတ်တာမျိုးကို ဆက်လက် ထောက်ခံပေးဖို့ လိုလားကြောင်း ညွှန်ပြနေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အမြင်တွေ နိုးကြားနေတာကို တန်ပြန် ကုစားနိုင်ရေး၊ ယုံကြည်မှု ပျက်ပြားတာတွေကို ကုစားပြီး နှစ်ဖက် ဆက်ဆံမှုကို ပြန်လည် အားဖြည့်ရေး ကိစ္စတွေကိုပါ အခုခရီးစဉ်တွေအတွင်း တရုတ်က တိုက်တွန်း တောင်းဆိုခဲ့ဖွယ် ရှိတယ်လို့လည်း ဦးအမရာသီဟက သုံးသပ်သွားခဲ့ပါတယ်။

တရုတ်မှာ ရှိနေချိန် အတောအတွင်း စိုးဝင်းဟာ မြန်မာရဲ့၊ တနည်းအားဖြင့် စစ်ကောင်စီရဲ့ မူဝါဒနဲ့ ရပ်တည်မှု တချို့ကို ရှင်းရှင်းလင်းလင်း တင်ပြဆွေးနွေးရတာမျိုးတွေလည်း ရှိခဲ့နိုင်ပါတယ်။ “သူကတော့ လုပ်ရမယ့် ကိစ္စတွေကို တရုတ်ဆီ ရိုးရိုးသားသား ပုံစံမျိုးနဲ့ ရှင်းပြသွားပုံပါပဲ။ ရွေးကောက်ပွဲအတွက် စီစဉ်ထားတာတွေ၊ အရှိန်မြင့်လာတဲ့ စစ်ပွဲတွေနဲ့ ဟနွိုင်းမှာ အမေရိကန်နဲ့ တွေ့ဆုံတဲ့ ကိစ္စတွေ အကုန်လုံးပဲပေါ့”လို့ Stimson စင်တာရဲ့ အကြီးတန်း ပညာရှင်၊ အရှေ့အာရှ ပရိုဂရမ်နဲ့ တရုတ်ပရိုဂရမ် ဒါရိုက်တာ ယွန်ဆွန်းက ပြောကြားသွားပါတယ်။

ဇွန်လတုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲမှူး ဒန်နီရယ်လ် ခရိတ်တန်ဘရင့်ခ်ဟာ ဗီယက်နမ်မှာ မြန်မာရေတပ် အဆင့်မြင့် အရာရှိ တဦးဖြစ်တဲ့ ကျော်လင်းဇော်နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စကို သူက ရည်ညွှန်းခဲ့တာပါ။

တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာတာ မရှိပေမယ့် အမေရိကန် ဦးဆောင်တဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းရေး လမ်းကြောင်းတခုဆီ ဦးတည်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ကြောင်း ဆွေးနွေး ငြင်းခုံမှုတွေ ရှိလာပါတယ်။ နောက်ပြီး အဲဒီ တွေ့ဆုံမှုနောက်ပိုင်း တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံတွေက ထောက်ခံအားပေးတဲ့ သဘောထားလည်း ရှိခဲ့တယ်လို့ ဆိုတယ်။ ဒီတော့ လာမယ့် လပိုင်းတွေအတွင်း ဘာတွေဆက်ပြီး ဖြစ်လာမှာလဲ။

CNAရဲ့ သတင်းရင်းမြစ်တွေကတော့ တရုတ်ဟာ မြန်မာစစ်ကောင်စီကို ဆက်လက် အားပေးကူညီဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဆိုတာကို ပီပီပြင်ပြင် ပြသထားပြီးပြီလို့ ပြောပါတယ်။ မြန်မာ့ စစ်ရေး၊ သံတမန်ရေး အဝန်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တဦးကတော့ တရုတ် အစိုးရဟာ ပြင်းထန်တဲ့ တော်လှန်စစ်ပွဲတွေ ကြုံတွေ့နေတဲ့ အခြေအနေမှာ မြန်မာ စစ်ကောင်စီကို လက်နက် တပ်ဆင်ထောက်ပံ့ပေးဖို့အပြင် အဖွဲ့အစည်း တခုလုံး ပြိုဆင်းသွားမယ့် အခြေအနေကနေ အကာအကွယ်ပေးဖို့ပါ စိတ်ရည်သန်ထားတယ်လို့ ဆိုပါတယ်။ နောက်ထပ် သတင်းရင်းမြစ် တယောက်ကတော့ သဘောတူညီမှုတွေရဲ့ အသေးစိတ် အကြောင်းအရာတွေဟာ နောက်ထပ် လပိုင်းတွေအတွင်း ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဇူလိုင်လကုန်ကျရင် သက်တမ်း ၅ ခါထိ တိုးထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အရေးပေါ် အခြေအနေ ကြေညာမှု ကာလဟာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ အများစုကတော့ မင်းအောင်လှိုင်ဟာ ထုံးစံအတိုင်း အာဏာကို ကျစ်ကျစ်ပါအောင် ဆက်လက် ဆုပ်ကိုင်ရင်း ရွေးကောက်ပွဲ ကျင်းပရေးကို အချိန်ဆွဲထားဦးမယ်လို့ သုံးသပ်နေကြပါတယ်။

ဒါဟာ တရုတ်အတွက်တော့ မြန်မာရဲ့ နောက်ထပ် ရွှေ့ကွက်ကို သေသေချာချာ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်တဲ့ အချိန်အခါလည်း ဖြစ်လာစေပါတယ်။ စစ်ကောင်စီဟာ တရုတ်ရဲ့ တောင်းဆိုမှုကို လိုက်နာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပြီး ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အားထုတ်တာ၊ ရွေးကောက်ပွဲအတွက် ခိုင်မာတိကျတဲ့ အချိန်ကာလ သတ်မှတ်တာတွေ ရှိလာမှာလား ဆိုတာကတော့ အဓိက အရေးပါတဲ့ မေးခွန်းတွေ ဖြစ်ပါလိမ့်မယ်။

(CNA၏ Myanmar’s ex-president visited China, followed by its junta No 2. What’s the play? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)