စစ်ဘေးရှောင်ကားထောင်ချီ လားရှိုးမြို့အထွက်မှာပိတ်မိနေ

ဇူလိုင်၊ ၈

စစ်ကောင်စီကို ညီနောင်မဟာမိတ်တပ်တွေထိုးစစ်ဆင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ဘေးတိမ်းရှောင်လာသူတွေရဲ့ ကားအစီးရေ ထောင်ချီ ဒီကနေ့ ဇူလိုင် ၈ ရက်နေ့လယ်ပိုင်းအထိ မြို့အထွက်မှာတင် ပိတ်မိနေကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

“ကားတန်းကတော့ မယ်ဟန်စစ်ဆေးရေးဂိတ်ကနေ မြို့ထဲက လွတ်လပ်ရေး ပန်းခြံအထိ ပိတ်နေတာ” လို့ လားရှိုးမြို့ခံတဦးက DNA ကို ပြောပါတယ်။ 

လားရှိုးကနေ သီပေါဘက်အထွက်မှာရှိတဲ့ စစ်ကောင်စီ မယ်ဟန်စစ်ဆေးရေးဂိတ်ကနေ လားရှိုးမြို့အလယ် လွတ်လပ်ရေးပန်းခြံအထိ အကွာအဝေး ခြောက်မိုင်ကျော်အထိ ရှိတာပါ။

“ဘာကြောင့်ပိတ်တာလဲဆိုတော့ လားရှိုးမြို့ထဲကနေ စစ်ရှောင်ပြည်သူများပြားနေလို့ပါ” လို့လည်း လားရှိုးမြို့ခံက ပြောပါတယ်။ 

မြို့အထွက် ကားတွေကို စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတာ ကြန့်ကြာရာကနေ အခုလို ပိတ်ကုန်တာလို့သိရပါတယ်။ 

ဒါ့အပြင် လားရှိုးမြို့အဝင် ကားတွေလည်း ပိတ်မိနေပြီး ရှေ့မတိုး နောက်မဆုတ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

လားရှိုးအထွက်မှာ ပိတ်မိနေတဲ့ကားတန်း

“အလာလမ်းပိတ်တာကတော့ မြို့ထဲကနေ ထွက်တဲ့ကားတွေ ကျော်တက်ရင်းကနေ ပိတ်တာဖြစ်နိုင်သလို စစ်ဆေးရေးဂိတ်ကနေ ပေးမဖြတ်လို့ ဖြစ်နိုင်တယ်” လို့လည်း အထက်ပါ လားရှိုးမြို့ခံက ပြောပါတယ်။ 

လက်ရှိမှာတော့ လားရှိုးမြို့ခံအများစုဟာ သီပေါကနေတဆင့် တောလမ်းအတိုင်းပတ်ပြီး မန္တလေးဘက်တိမ်းရှောင်နေကြတာဖြစ်ပြီး လားရှိုးနဲ့ သီပေါကြားက ဖျက်ဆီးခံထားရတဲ့ စဥ့်အင်းတံတားဘက်မှာလည်း ပိတ်ဆို့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“စဥ့်အင်ဇက်ဆိပ်ကလည်း ကူးရတာအဆင်မပြေဘူး၊ ပိတ်လိုက်ဖွင့်လိုက် လုပ်နေတာ၊ ဒီဘက်က ကားတွေကို လားရှိုးက ပေးမဝင်တော့ဘူးဆိုတော့ ကားတွေကို ပေးမဖြတ်ဘူး၊ လူသီးသန့်ပဲ ပေးဖြတ်တာ” လို့ လားရှိုးဘက် ခရီးသည်တွေကို သွားခေါ်မယ့် ကားဆရာတဦးက DNA ကို ပြောပါတယ်။ 

လားရှိုးကနေ မန္တလေး၊ ပြင်ဦးလွင်ဘက် တိမ်းရှောင်နေသူတွေကတော့ သီပေါ ကိုးမိုင်ကနေတဆင့် နမ့်လန်၊ ကျောက်ဂူ၊ ဘန့်ဘွေး တောလမ်းအတိုင်း သွားလာနေကြရတာပါ။ 

လားရှိုးနဲ့ ပြင်ဦးလွင် ကြားမှာရှိတဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့တွေမှာ တိုက်ပွဲတွေပြင်းထန်နေသေးတာကြောင့် ပြည်ထောင်စု ကားလမ်းမကြီးကို အသုံးပြုလို့ မရသေးပါဘူး။ 

“ဘန့်ဘွေးဘက်မှာလည်း တိုက်ပွဲတွေရှိလို့ ကားတွေ ပြန်လှည့်လာရတာရှိတယ်” လို့ အထက်ပါ လားရှိုး-မန္တလေး ကားဆရာက ပြောပါတယ်။ 

လားရှို့မြို့တွင်းအခြေအနေကတော့ မြို့ဧရိယာထဲမှာပဲရှိတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ) ၅၀၇ ကို ညီနောင်မဟာမိတ်တပ်တွေက ဇူလိုင်လ ၇ ရက်၊ မနေ့ ညနေပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်နေလို့ ပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေတယ်လို့သိရပါတယ်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာ လားရှိုးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက ဇူလိုင် ၂ ရက်နေ့ညကတည်းက ဝင်ရောက်တိုက်ခိုက်နေပြီး တပတ်တာတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် သေဆုံးတဲ့အရပ်သား ၁၅ ဦးထက်မနည်းရှိပြီလို့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။